3 ရက် - ဘာသာပြန်ပါ။

မေဂျာလိဂ်နားထားစဉ်အတွင်း လီယွန်နယ်မက်ဆီကို လေးလအငှားဖြင့် ခေါ်ယူလိုနေတဲ့ ဂါလာတာစာရေး
====================

ဂါလာတာစာရေးဟာ အင်တာမိုင်ယာမီမှ လီယွန်နယ်မက်ဆီအား ကာလတို အငှားဖြင့် ခေါ်ယူလိုနေကြောင်း သိရပါတယ်။

မေဂျာလိဂ်ပုံမှန်ရာသီမှာ အောက်တိုဘာလတုန်းက ပြီးဆုံးသွားပြီ ဖြစ်ပြီး ပလေးအော့ဖ်ပွဲများကို ဒီဇင်ဘာလအထိ ဆက်ကစားလာပါမယ်။

မက်ဆီရဲ့ အင်တာမိုင်ယာမီဟာ ယခုအပတ် ပလေးအော့ဖ်ပထမအဆင့် ၃ ပွဲရဲ့ ဒုတိယမြောက်ပွဲတွင် နက်စ်ဗီလီအား ၂-၁ ဖြင့် အရေးနိမ့်ထားပါတယ်။

အာဂျင်တီးနားစူပါစတားဟာ MLS Cup ဗိုလ်လုပွဲကစားရမယ့် ဒီဇင်ဘာလ ၆ ရက်နေ့အထိ အင်တာမိုင်ယာမီအတွက် ဆက်ကစားလာနိုင်ပါတယ်။

ဒါပေမယ့် မက်ဆီအတွက် လာမယ့် မတ်လအထိ မေဂျာလိဂ်ပွဲကစားရန် မရှိပါဘူး။ ဒါကြောင့်လည်း မက်ဆီအနေဖြင့် ဥရောပကလပ်တစ်ခုခုသို့ ကာလတို အငှားဖြင့် သွားကစားနိုင်ပါတယ်။

ယနေ့တွင် FotoMac က ဂါလာတာစာရေးမှာ မက်ဆီအား အစ္စတန်ဘူလ်သို့ ခေါ်ဆောင်နိုင်ရေးအတွက် အငှားဖြင့် ခေါ်ယူရန် ကမ်းလှမ်းထားကြောင်း ဖော်ပြလာပါတယ်။

ဂါလာတာစာရေးတာဝန်ရှိသူများဟာ အသက် ၃၈ နှစ်ရှိ မက်ဆီရဲ့ အခြေအနေကို အထူးအလေးထား စောင့်ကြည့်လာခဲ့ကြပြီးနောက် ၄ လအငှားဖြင့် ခေါ်ယူရန် စီစဉ်နေကြပါတယ်။

တကယ်လို့များ မက်ဆီအနေဖြင့် ဂါလာတာစာရေးသို့ အငှားဖြင့် ပြောင်းကစားလာပါက လာမယ့် ၂၀၂၆ ကမ္ဘာ့ဖလားမတိုင်မီ ကြံ့ခိုင်မှုပိုင်းလည်း အကောင်းဆုံးအနေအထားမှာ ရှိလာပါမယ်။

မက်ဆီဟာ မိုင်ယာမီတွင် လုပ်ခ ဒေါ်လာ ၁၅ သန်းအပြင် Adidas နှင့် Apple တို့ထံမှလည်း စပွန်ဆာကြေးများစွာ ရရှိနေပါတယ်။

ဂါလာတာစာရေးအနေဖြင့် မက်ဆီကို အစ္စတန်ဘူလ်သို့ ခေါ်ဆောင်လိုပါက လုပ်ခများစွာ ပေးလာရပါမယ်။

တဖက်တွင် တူရကီထိပ်သီးကလပ်ဟာ အိုဆီမမ်အား တူရကီစံချိန်တင်ပြောင်းရွှေ့ကြေး ပေါင် ၆၅ သန်းအပြင် တစ်ပတ်လုပ်ခ ပေါင် ၂၅၀၀၀၀ ပေးထားရာ ဘဏ္ဍာရေးအင်အားတောင့်တင်းကြောင်း ပြသထားပြီး ဖြစ်ပါတယ်။

၎င်းတို့ဟာ ဂျာမနီစတားလီရွိုင်းဆာနေးကို တစ်နှစ်လုပ်ခ ပေါင် ၇.၆ သန်းပေးထားသလို ဂန်ဒိုဂန်ကိုလည်း တစ်နှစ်လုပ်ခ ပေါင် ၄ သန်းပေးထားပါသေးတယ်။

မက်ဆီဟာ အင်တာမိုင်ယာမီအတွက် ပြိုင်ပွဲအရပ်ရပ်တွင် ၇၁ ဂိုးသွင်းကာ ၃၇ ကြိမ် ဖန်တီးပေးထားပါတယ်။

မကြာသေးမီတုန်းက အင်တာမိုင်ယာမီနှင့် သုံးနှစ်စာချုပ်သစ်ချုပ်ဆိုခဲ့တဲ့ မက်ဆီဟာ အင်တာမိုင်ယာမီနှင့်အတူ League Cup နှင့် Supporters’ Shield တို့ ဆွတ်ခူးထားပါတယ်။

image