တိုင်ဖွန်းမုန်တိုင်း “ခန့်မေဂီ” အခြေအနေသတင်း အမှတ်စဉ် (၂/၂၀၂၅)
=======================================
၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ ၆ ရက်နေ့ မြန်မာစံတော်ချိန် ၀၇:၀၀ နာရီအချိန် ထုတ်ပြန်ချက်
---------------------------------------------------------------------
(က) တိုင်ဖွန်းမုန်တိုင်း “ခန့်မေဂီ” (KALMAEGI) အခြေအနေ
ယနေ့မြန်မာစံတော်ချိန် ၀၅:၃၀ နာရီအချိန် တိုင်းထွာချက်များအရ တောင်တရုတ် ပင်လယ်ပြင်တွင် ဖြစ်ပေါ်နေသော တိုင်ဖွန်းမုန်တိုင်း “ခန့်မေဂီ” (KALMAEGI) သည် အနောက်-အနောက်မြောက်ဘက်သို့ ရွေ့လျားလျက်ရှိပြီး ဗီယက်နမ်နိုင်ငံ၊ ဒါနန်းမြို့ (Da Nang) ၏ အရှေ့-အရှေ့တောင်ဘက် ရေမိုင် ၃၃၀ မိုင်ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေပါသည်။
(ခ) တိုင်ဖွန်းမုန်တိုင်း “ခန့်မေဂီ” ၏ တည်နေရာ၊ ဗဟိုချက်လေဖိအားနှင့် လေတိုက်နှုန်း
အဆိုပါ တိုင်ဖွန်းမုန်တိုင်း “ခန့်မေဂီ” သည် မြန်မာစံတော်ချိန် ၀၅:၃၀ နာရီအချိန်တွင် မြောက်လတ္တီကျု ၁၃.၃ ဒီဂရီနှင့် အရှေ့လောင်ဂျီကျု ၁၁၃.၁ ဒီဂရီတွင်ရှိပြီး ဗဟိုချက် လေဖိအား ၉၅၅ ဟက်တိုပါစကယ်နှင့် အမြင့်ဆုံးလေတိုက်နှုန်းမှာ တစ်နာရီလျှင် ၈၅ မိုင် နှုန်းခန့် ဖြစ်ပါသည်။
(ဂ) နောက် ၂၄ နာရီအတွင်းခန့်မှန်းချက်
အဆိုပါ တိုင်ဖွန်းမုန်တိုင်း “ခန့်မေဂီ” သည် အနောက်ဘက်သို့ ရွေ့လျားနိုင်ပြီး ယနေ့ ညပိုင်းတွင် ဗီယက်နမ်နိုင်ငံကမ်းခြေကို ဒါနန်းမြို့၏ တောင်ဘက်မှ ဖြတ်ကျော်နိုင် သည်ဟု ခန့်မှန်းရပါသည်။ ထိုမှတစ်ဆင့် အနောက်-အနောက်မြောက်ဘက်သို့ ရွေ့လျား နိုင်ပြီး နောက် ၂၄ နာရီအတွင်း ဗီယက်နမ်နိုင်ငံနှင့် လာအိုနိုင်ငံနယ်စပ်ဒေသတို့ကို အားကောင်းသောအပူပိုင်းမုန်တိုင်း “ခန့်မေဂီ” အဖြစ်ဖြင့် ဆက်လက်ဖြတ်ကျော်နိုင် သည်ဟု ခန့်မှန်းရပါသည်။
(ဃ) သတိပေးနှိုးဆော်ချက်
အဆိုပါ တိုင်ဖွန်းမုန်တိုင်း “ခန့်မေဂီ” မှ ပြတ်ထွက်လာသော တိမ်တိုက်များကြောင့် ၈-၁၁-၂၀၂၅ ရက်နေ့မှ ၁၀-၁၁-၂၀၂၅ ရက်နေ့အတွင်း နေပြည်တော်၊ ရန်ကုန်တိုင်း ဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ရှမ်းပြည်နယ် (တောင်ပိုင်းနှင့် အရှေ့ပိုင်း)တို့တွင် နေရာစိပ်စိပ်မှ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး အချို့ဒေသများတွင် ဒေသအလိုက်နှင့် နေရာကွက်၍ မိုးကြီးခြင်းများ ဖြစ်ပေါ်နိုင်ပါသည်။ မြစ်ဝကျွန်းပေါ်၊ မုတ္တမကွေ့၊ မွန်-တနင်္သာရီကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန် ပင်လယ်ပြင်တို့တွင် တစ်ခါတစ်ရံ မိုးသက်လေပြင်းများကျရောက်ပြီး လှိုင်းအသင့်အတင့်မှ လှိုင်းကြီးနိုင်ပါသည်။ မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင်လေသည် တစ်နာရီလျှင် ၂၅ မိုင်မှ မိုင် ၃၀ အထိ တိုက်ခတ်နိုင်ပါသည်။ လှိုင်းအမြင့်မှာ မြစ်ဝကျွန်းပေါ်၊ မုတ္တမကွေ့၊ မွန်-တနင်္သာရီကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် ၇ ပေမှ ၉ ပေခန့်ရှိနိုင်ပါသည်။
အကြံပြုချက်
သို့ဖြစ်ပါ၍ မိုးသည်းထန်စွာရွာသွန်းခြင်းနှင့်အတူ လေပြင်းတိုက်ခတ်ခြင်း၊ မိုးထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်း၊ မိုးသီးကြွေခြင်း၊ လျှပ်တစ်ပြက်ရေကြီးခြင်းနှင့် မြေပြိုခြင်းစသည့် သဘာဝဘေးအန္တရာယ်များ ဖြစ်ပေါ်နိုင်ပါသဖြင့် အဆိုပါဒေသများရှိ ကုန်းမြင့်ဒေသအနီးတွင် နေထိုင် ကြသူများအနေဖြင့် မြေပြိုမှုအန္တရာယ်၊ မြစ်ငယ်၊ ချောင်းငယ်များအနီးတွင် နေထိုင်ကြသူများအနေဖြင့် ရေကြီး၊ ရေလျှံမှုများကို ကြိုတင်သတိပြုရှောင်ရှားနိုင်ပါရန်နှင့် ပြည်တွင်းရေကြောင်းသွားလာရေး၊
လေကြောင်းပျံသန်းရေးနှင့် ဆည်မြောင်းတာတမံများအနေဖြင့် လိုအပ်သည်များ ကြိုတင်ပြင်ဆင်ဆောင်ရွက် ထားနိုင်ပါရန် သတိပေးနှိုးဆော်အပ်ပါသည်။