အင်္ဂလန်နည်းပြရာထူးမှ ထွက်ခွာရန် ဆုံးဖြတ်ခဲ့တဲ့ နောက်ခံအကြောင်းရင်းကို ဆောက်ဂိတ် ဖွင့်ဟလာ
====================

ဂါရတ်ဆောက်ဂိတ်က ပရိသတ်များက ဘီယာဖြင့် ပစ်ပေါက်ခြင်းခံခဲ့ရမှုကြောင့် အင်္ဂလန်နည်းပြရာထူးမှ ထွက်ခွာရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း ဖွင့်ဟလာပါတယ်။

ဆောက်ဂိတ်ဟာ အင်္ဂလန်အသင်းကို ၂၀၁၈ ကမ္ဘာ့ဖလားဆီမီးဖိုင်နယ်သို့လည်းကောင်း၊ ယူရို ၂၀၂၀ ဗိုလ်လုပွဲသို့လည်းကောင်း ပို့ဆောင်ပေးနိုင်ခဲ့ပေမယ့်လည်း ယူရို ၂၀၂၄ တွင် ဆလိုဗေးနီးယားနှင့် ဂိုးမရှိသရေကျပြီးချိန်မှာတော့ ပရိသတ်များရဲ့ ပစ်မှတ်ထားခြင်းခံခဲ့ရပါတယ်။

ကိုလုံးတွင် ကစားတဲ့ ယင်းပွဲအပြီးတွင် ဆောက်ဂိတ်ဟာ ပရိသတ်များအား လက်ခုပ်တီး နှုတ်ဆက်ချိန်တွင် ဘီယာခွက်များဖြင့် ပစ်ပေါက်ခြင်းခံခဲ့ရတာ ဖြစ်ပြီး ကစားသမားများရဲ့ မိသားစုဝင်များလည်း ဆိုးဆိုးရွားရွား ဆက်ဆံခြင်းခံခဲ့ရပါတယ်။

ဒါပေမယ့် ဆောက်ဂိတ်ဟာ အင်္ဂလန်အသင်းကို ယူရို ဗိုလ်လုပွဲသို့ ၂ ကြိမ်ဆက် တက်ရောက်နိုင်အောင် စွမ်းဆောင်ပေးနိုင်ခဲ့ပါတယ်။ ဗိုလ်လုပွဲမှာတော့ အင်္ဂလန်ဟာ စပိန်ကို ၂-၁ ဂိုးဖြင့် အရေးနိမ့်ကာ ဒုတိယဖြင့်ပင် ကျေနပ်ခဲ့ရပြန်ပါတယ်။
ယင်းနောက် အသက် ၅၅ နှစ်ရှိ ဆောက်ဂိတ်ဟာ စာချုပ်သက်တမ်းကုန်ဆုံးချိန်မှာတော့ ဆက်လက် တာဝန်မထမ်းဆောင်တော့ဘဲ ထွက်ခွာရန် ဆုံးဖြတ်ခဲ့ပါတယ်။

ဆောက်ဂိတ်က "ကမ္ဘာ့ဖလား (၂၀၂၂)က သွားဖို့ အချိန်ကောင်း ဖြစ်ကောင်းဖြစ်ခဲ့မယ်။ နောက်တော့ ဒီပြိုင်ပွဲ(ယူရို ၂၀၂၄)မှာ ပွဲအပြီး ပရိသတ်တွေကို နှုတ်ဆက်ချိန်မှာ သူတို့က ဘီယာခွက်နဲ့ ပစ်ပေါက်ချိန်မှာ စိတ်ဆုံးဖြတ်ခဲ့တယ်။ ဒါက လမ်းခွဲရဖို့ သင့်တဲ့ အချိန်ရောက်ပြီဆိုတာ နမိတ်ပြလိုက်သလိုပဲ။ ဒီတော့ ဒါက နောက်ဆုံးပွဲဖြစ်လာမယ်လို့လည်း စိတ်ဆုံးဖြတ်လိုက်တယ်။ ဒါပေမယ့် ကျွန်တော်တို့အားလုံး လိုချင်တဲ့ ရလဒ်ရဖို့တော့ မျှော်လင့်ထားခဲ့ကြတာပါ။ ဒါပေမယ့် ပြီးဆုံးသွားချိန်မှာ လုပ်သင့်တာ လုပ်ရပါတော့မယ်။အက်ဖ်အေကို အသိပေးဖို့ လိုလာတယ်။ သူတို့ကို အနာဂတ်အတွက် စီစဉ်ဖို့ အချိန်ပေးရမယ်။ အဲဒီမတိုင်ခင် ရှစ်လတုန်းက အက်ဖ်အေက ကျွန်တော့်ကို စာချုပ်သစ်ကမ်းလှမ်းခဲ့တယ်။ သူတို့ဘက်က အမြင်နဲ့ဆို လုပ်သင့်တာပါ။ ဆက်သွားမယ်။ တည်ငြိမ်နေတယ်။ ပြိုင်ပွဲတစ်ပွဲမှာ ဘာပဲ ဖြစ်လာဖြစ်လာပေါ့။ ဒါက မှန်ကန်တဲ့ ရှေ့လမ်းစဉ်ပါ။ ဒါ‌က ကျွန်တော့်ကို တည်ငြိမ်စေတယ်။ ကျွန်တော်ကိုယ်တိုင်ကလည်း ဘယ်ကို ဦးတည်နေတယ်ဆိုတာ သိနေတယ်။ ဒါပေမယ့် ပရိသတ်တွေအကြား သဘောထားကွဲနေတာလည်း သိတယ်။ ဒီတော့ အဲဒီတုန်းက စာချုပ်သစ်ချုပ်တာ မှန်ကန်တယ်လို့လည်း မခံစားရပါဘူး"လို့ ပြောကြားသွားပါတယ်။

image