ကရင်ပြည်နယ်ဝန်ကြီးချုပ်၏ ရွေးကောက်ပွဲမဲဆွယ်ဗီနိုင်းဆိုင်းဘုတ်အား ဆုတ်ဖြဲဖျက်ဆီးခဲ့သည်ဟုဆိုကာ ယောင်္ကျားလေးနှစ်ဦးအား ဖမ်းဆီးအရေးယူထားကြောင်း သိရ

ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦး၏ ရွေးကောက်ပွဲမဲဆွယ်ဗီနိုင်းဆိုင်းဘုတ်အား ဆုတ်ဖြဲဖျက်ဆီးခဲ့သည်ဟုဆိုကာ ယောင်္ကျားလေးနှစ်ဦးအား သက်ဆိုင်ရာက ဖမ်းဆီးအရေးယူထားကြောင်း သိရသည်။

ပြီးခဲ့သည့် နိုဝင်ဘာ ၂ ရက်က ကရင်ပြည်နယ် ဘားအံမြို့ အမှတ် (၂) ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးရှေ့ လမ်းဘေးတွင် စိုက်ထူးထားသည့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ ဘားအံမြို့နယ်မဲဆန္ဒနယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်လောင်းဖြစ်သူ လက်ရှိ ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦး၏ ဓာတ်ပုံနှင့် စာသားပါ ဗီနိုင်းဆိုင်းဘုတ်မှာ ဆုတ်ဖြဲဖျက်ဆီးခံခဲ့ရခြင်းဖြစ်သည်။

ထိုဖြစ်စဉ်နှင့် ပတ်သက်ပြီး သက်ဆိုင်ရာက စုံစမ်းစစ်ဆေးမှုများ လုပ်ဆောင်ခဲ့ရာ ထိုအမှတ် (၂) ရပ်ကွက်နေ အသက် ၃၀ နှစ်အရွယ် ကိုထွန်းထွန်းဝင်း ဆိုသူနှင့် အသက် ၁၅ နှစ်အရွယ် မောင်ဖြိုးမင်းသန့် ဆိုသူတို့အား သက်ဆိုင်ရာရဲတပ်ဖွဲ့မှ ဖမ်းဆီးကာ စစ်ဆေးမှုများ လုပ်ဆောင်နေကြောင်း သိရသည်။

၎င်းက ဆက်လက်ပြီး “မဲဆွယ်ဗီနိုင်းဆိုင်းဘုတ် ဖျက်ဆီးခံရတဲ့ဖြစ်စဉ်နဲ့ ပတ်သက်လို့ သက်ဆိုင်ရာက CCTV မှတ်တမ်းတွေကတဆင့် စုံစမ်းစစ်ဆေးကြတဲ့အခါမှာ ဘားအံမြို့ အမှတ် (၂) ရပ်ကွက်မှာ နေထိုင်ကြတဲ့ ထွန်းထွန်းဝင်းနဲ့ ဖြိုးမင်းသန့်တို့ နှစ်ဦး ကျူးလွန်ခဲ့တဲ့ အထောက်အထားတွေ တွေ့ရလို့ သူတို့နှစ်ဦးကို ဖမ်းဆီးစစ်ဆေးပြီးတော့ အမှုဖွင့်အရေးယူထားတယ်လို့ သိရပါတယ်” ဟု ပြောကြားသည်။

ထိုဖြစ်စဉ်နှင့် ပတ်သက်ပြီး ကိုထွန်းထွန်းဝင်းနှင့် မောင်ဖြိုးမင်းသန့်တို့ နှစ်ဦးအား ဘားအံမြို့မရဲစခန်းက (ပ) ၁၂၅/၂၀၂၅ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲများကို နှောင့်ယှက်ဟန့်တားဖျက်ဆီးခြင်းမှ ကာကွယ်ပေးရေးဥပဒေပုဒ်မ ၂၄ (က) အရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။

ထိုပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲများကို နှောင့်ယှက်ဟန့်တားဖျက်ဆီးခြင်းမှ ကာကွယ်ပေးရေးဥပဒေပုဒ်မ ၂၄ (က) အရ ထောင်ဒဏ် အနည်းဆုံး သုံးနှစ်မှ အများဆုံး ခုနစ်နှစ်အထိ ချမှတ်နိုင်သည့်အပြင် ငွေဒဏ်လည်း ချမှတ်နိုင်ကြောင်း သိရသည်။

လတ်တလောတွင်လည်း အထွေထွေရွေးကောက်ပွဲအား နှောင့်ယှက်ဟန့်တားဖျက်ဆီးခြင်းမှ ကာကွယ်ပေးရေးဥပဒေအရ အရေးယူခြင်းခံထားရသူ ၁၀၀ နီးပါးအထိရှိလာပြီးဖြစ်ကြောင်းလည်း ပြည်ထဲရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်များအရ သိရသည်။

ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးမှာ လာမည့်အထွေထွေရွေးကောက်ပွဲ၌ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ကိုယ်စားလှယ်လောင်းအဖြစ် ကရင်ပြည်နယ်လွှတ်တော် (မဲအများဆုံးရသူ အနိုင်ယူစနစ်) တွင် ဘားအံမြို့နယ် မဲဆန္ဒနယ်မှ ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း သိရသည်။

ကရင်ပြည်နယ်လွှတ်တော် (မဲအများဆုံးရသူ အနိုင်ယူစနစ်) တွင် ဘားအံမြို့နယ် မဲဆန္ဒနယ်၌ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ဦးစောမြင့်ဦးနှင့်အတူ ဖလုံစဝေါ်ဒီမိုကရက်တစ်ပါတီမှ စဘီကျင်း၊ ကရင်အမျိုးသားဒီမိုကရက်တစ်ပါတီမှ စောမင်းမင်းမြိုင်၊ ရှမ်းနှင့် တိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ (ကျားဖြူပါတီ) မှ ဦးစည်သူထိုက်၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီမှ ဦးတင်စစ်မင်းနှင့် ပအိုဝ်းအမျိုးသားညီညွတ်ရေးပါတီမှ နန်းဝါဝါနွယ်တို့ ဝင်ရောက်ယှဉ်ပြိုင်သွားကြမည်ဖြစ်သည်။

လာမည့် ဒီဇင်ဘာ ၂၈ ရက် (တနင်္ဂနွေနေ့) တွင် ကျင်းပပြုလုပ်သွားမည့် အထွေထွေရွေးကောက်ပွဲ အပိုင်း (၁) ၌ ကရင်ပြည်နယ်အတွင်း ဘားအံမြို့နယ်၊ မြဝတီမြို့နယ်နှင့် သံတောင်ကြီးမြို့နယ်များတွင် ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ကြေညာထားသည်။

image