နယူးယောက်မြို့တော်ဝန်ရွေးပွဲတွင်အသက် ၃၄ နှစ်အရွယ် အစ္စလာမ်ဘာသာဝင် ဇိုရန်မန်ဒါနီ အနိုင်ရရှိ
နယူးယောက်မြို့တော်ဝန်ရွေးပွဲတွင်အသက် ၃၄ နှစ်အရွယ် အစ္စလာမ်ဘာသာဝင် ဇိုရန်မန်ဒါနီ အနိုင်ရရှိခဲ့သည်။
နယူးယောက်မြို့တော်ဝန်ရွေးကောက်ပွဲတွင် အနိုင်ရရှိသည်ဟု နိုဝင်ဘာ ၄ ရက် ညပိုင်းတွင် ကြေညာခဲ့သော ဇိုရန်မန်ဒါနီက နယူးယောက်မြို့သည် အတောမသတ်သော တိုးတက်မှုများ ဖြစ်ထွန်းလာမည့် ခေတ်တစ်ခေတ်ကို ရောက်ရှိလာစေရမည်ဟု ကတိပြုပြောကြားခဲ့သည်။
၎င်း၏ အောင်ပွဲသည် နယူးယောက်မြို့၏ အလုပ်လုပ်နေသော ပြည်သူများအတွက် အောင်ပွဲဖြစ်သည်ဟု ၎င်းက ပြောကြားခဲ့ပြီး အကုန်ကျသက်သာစေရမည်ဟု မဲဆွယ်စည်းရုံးရေးတွင် ပြောကြားထားသော ကတိစကားများ တည်အောင်လုပ်ပေးမည်ဖြစ်ကြောင်း ထပ်လောင်းပြောကြားခဲ့သည်။
"ကျွန်တော်တို့ အတူတကွ ပြောခဲ့တဲ့စကားတွေ၊ ကျွန်တော်တို့ အတူတကွ မက်ခဲ့တဲ့ အိပ်မက်တွေ၊ အဲဒါတွေဟာ ကျွန်တော်တို့ အတူတကွ ဖော်ဆောင်မယ့် မူဝါဒတွေဖြစ်လာမှာဖြစ်ပါတယ်။ နယူးယောက်၊ ဒီအာဏာ၊ အဲဒါတွေဟာ ခင်ဗျားတ ို့ပိုင်ဆိုင်တာတွေဖြစ်ပါတယ်" ဟု အောင်နိုင်ရေးမိန့်ခွန်းတွင် ၎င်းက ထည့်သွင်းပြောကြားခဲ့သည်။
ဒီမိုကရစ်ပါတီဝင်တစ်ဦးဖြစ်သော ဇိုရန်မန်ဒါနီသည် အသက် ၃၄ နှစ်အရွယ်တွင် အမေရိကန်နိုင်ငံ၏ အကြီးဆုံးမြို့ဖြစ်သော နယူးယောက်၏ ပထမဦးဆုံးအစ္စလာမ်ဘာသာဝင် မြို့တော်ဝန်တစ်ဦးဖြစ်လာခဲ့သည်။
နယူးယောက်မြို့တော်ဝန်ရွေးကောက်ပွဲတွင် ဇိုရန်မန်ဒါနီ အနိုင်ရရှိသွားမည်ဆိုပါက ဆိုးရွားသော အကျိုးဆက်များ ရှိလာမည်ဟု သမ္မတဒေါ်နယ်ထရန့်က သတိပေးထားပြီး ပြည်ထောင်စုရန်ပုံငွေများကို ရုပ်သိမ်းမည်ဟု ခြိမ်းခြောက်ထားသည်။
၎င်း၏ အောင်ပွဲသည် အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်ကို အနိုင်ယူရန် နည်းလမ်းအား သက်သေပြလိုက်ခြင်းဖြစ်သည်ဟု ဇိုရန်မန်ဒါနီက ပြောကြားခဲ့ပြီး နယူးယောက်မြို့သည် နိုင်ငံရေးအမှောင်ထုထဲတွင် လင်းနေလိမ့်မည်ဟု ဆိုခဲ့သည်။