ကျိုက်နဲရေလယ်ဘုရားပွဲတော်အား လုံခြုံရေးအခြေအနေအရ ပျော်ပွဲရွှင်ပွဲများမပါဝင်ဘဲ ကျင်းပပြုလုပ်နေ

နှစ်စဉ် တန်ဆောင်မုန်းလပြည့်ကျော် ၁ ရက်မှ ၃ ရက်အထိ ကျင်းပပြုလုပ်လေ့ရှိသော မွန်ပြည်နယ် သံဖြူဇရပ်မြို့နယ် အံခဲကျေးရွာနှင့် ဝဲကလောင်ကျေးရွာကြား ပင်လယ်ပြင်ရှိ ကျိုက်နဲရေလယ်ဘုရားပွဲအား လုံခြုံရေးအခြေအနေအရ ပျော်ပွဲရွှင်ပွဲများမပါဝင်ဘဲ ကျင်းပပြလုပ်နေကြောင်း ဂေါပကအဖွဲ့နှင့် ဒေသခံများ၏ ပြောကြားချက်များအရ သိရသည်။

ကျိုက်နဲရေလယ်ဘုရားပွဲတော်တွင် နှစ်စဉ် တန်ဆောင်မုန်းလဆန်း ၁၄ ရက်နှင့် တန်ဆောင်မုန်းလပြည့်နေ့များတွင် ပဋ္ဌာန်းရွတ်ဖတ်ပူဇော်ခြင်းနှင့် ဘုရားဆွမ်းတော်ကပ်လှူခြင်းများကို အစဉ်အလာအရ ကျင်းပပြုလုပ်ခဲ့ကြောင်း ဂေါပကအဖွဲ့ဝင်တစ်ဦးက ပြောကြားသည်။

၎င်းက ဆက်လက်ပြီး “အဓိကက နယ်မြေလုံခြုံရေးအခြေအနေရ ဘုရားဖူးတွေ အသက်အန္တရာယ်ဖြစ်မှာ စိုးရိမ်တဲ့အတွက်ကြောင့် အကျဉ်းချုံးလောက်ပဲ ကျင်းပပြုလုပ်ဖြစ်ပါတယ်။ ဘုရားပွဲတော်ကိုတော့ တန်ဆောင်မုန်းလပြည့်ကျော် ၁ ရက် (နိုဝင်ဘာ ၅ ရက်) ကနေ တန်ဆောင်မုန်းလပြည့်ကျော် ၃ ရက်နေ့ (နိုဝင်ဘာ (၇) ရက်) အထိ ကျင်းပပြုလုပ်သွားမှာပါ” ဟု ပြောကြားသည်။

ကျိုက်နဲရေလယ်ဘုရားပွဲတော်ကို နှစ်စဉ် တန်ဆောင်မုန်းလပြည့်ကျော် ၁ ရက်မှ တန်ဆောင်မုန်းလပြည့်ကျော် ၃ ရက်အထိ ကျင်းပပြုလုပ်လေ့ရှိကြောင်းနှင့် ယင်းနေ့များတွင် ကမ်းခြေမှ ပင်လယ်ထဲရှိ ကျိုက်နဲရေလယ်ဘုရားသို့ သွားရောက်ရန် ကျောက်ခင်းလမ်း (ဒေသအခေါ် နတ်လမ်း) ပေါ်မှ သွားရောက်ရသည့်အတွက်ကြောင့် ဘုရားပွဲတော်ကာလအတွင်း အနယ်နယ်အရပ်ရပ်မှ ဘုရားဖူး အများအပြား လာရောက်လေ့ရှိကြာင်း ဒေသခံများ၏ ပြောကြားချက်များအရ သိရသည်။

ကျိုက်နဲရေလယ်ဘုရားပွဲတော်ကာလအတွင်း ပျော်ပွဲရွှင်ပွဲပွဲများ ထည့်သွင်းကျင်းပခြင်းမရှိသော်လည်း အနယ်နယ်အရပ်ရပ်မှ လာရောက်ကြမည့် ဘုရားဖူးများအား စတုဒီသာကျွေးမွေးဧည့်ခံခြင်းနှင့် ဘုရားဖူးများအား ရေလယ်ဘုရားသို့ စက်လှေများဖြင့် အကြိုအပို့ လုပ်ဆောင်ပေးနေကြောင်း ဒေသခံတစ်ဦးက ပြောကြားသည်။

၎င်းက ဆက်လက်ပြီး “ကျိုက်နဲရေလယ်ဘုရားပွဲကို လာရောက်ကြမယ့် ဘုရားဖူးတွေ စာရေးသောက်ရေးရော၊ ပို့ဆောင်ရေးအတွက်ကို ဒေသခံတွေအနေနဲ့ အတတ်နိုင်ဆုံး အကောင်းဆုံးဖြစ်အောင် ပြင်ဆင်ထားကြပါတယ်” ဟု ပြောကြားသည်။

ကျိုက်နဲရေလယ်ဘုရားပွဲတော်အား ပျော်ပွဲရွှင်ပွဲများ ထည့်သွင်းကျင်းပပြုလုပ်ပါက သက်ဆိုင်ရာမှ လုံခြုံရေးလာရောက်ယူပေးရသည့်အခါ လက်နက်ကိုင်အဖွဲ့များနှင့် ပစ်ခတ်တိုက်ခိုက်မှုများ ဖြစ်လာနိုင်သည့်အတွက်ကြောင့် ဘုရားပွဲတော်အား အကျဉ်းချုံးသာ ကျင်းပပြုလုပ်နေရခြင်းဖြစ်ကြောင်းလည်း ၎င်းဒေသခံက သုံးသပ်ပြောကြားသည်။

အဆိုပါ ကျိုက်နဲရေလယ်ဘုရားပွဲတော်မှာ မွန်ပြည်နယ်အတွင်းရှိ ဘုရားပွဲတော်များအနက် ထင်ရှားသည့် ဘုရားပွဲတော်တစ်ခုဖြစ်ကြောင်းနှင့် ပြီးခဲ့သည့် ၂၀၂၁ ခုနှစ် ကျိုက်နဲရေလယ်ဘုရားပွဲတော်တွင် ဘုရားဖူးများ ကျောက်ခင်းလမ်း (ဒေသအခေါ် နတ်လမ်း) ပေါ် လမ်းလျှောက်သွားရင်း ပင်လယ်ရေလှိုင်း ရိုက်ခတ်ခြင်းကြောင့် ဘုရားဖူးများ ရေထဲမျှောပါမှုများဖြစ်ပွားခဲ့ရာ လူ ၂၀ ဦးထက်မနည်း သေဆုံးခဲ့သည့်ဖြစ်စဉ် ဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

image