ဖိလစ်ပိုင်မှာ မုန်တိုင်းကြောင့် လူ ၉၀ ကျော်သေပြီး ၂၆ ယောက်ပျောက်ဆုံး

ဖိလစ်ပိုင်နိုင်ငံ အလယ်ပိုင်းမှာ တိုင်ဖွန်းမုန်တိုင်း ကယ်လ်မေဂီတိုက်ခတ်မှုကြောင့် လူ ၉၀ ကျော် သေဆုံးခဲ့တယ်လို့ အာဏာပိုင်တွေက အတည်ပြု ပြောဆိုပါတယ်။

တိုင်ဖွန်း ကယ်လ်မေဂီဟာ ယခုနှစ်အတွင်း အပြင်းထန်ဆုံး မုန်တိုင်းတွေထဲကတခုဖြစ်ပြီး လူဦးရေအများဆုံး စီဘူးကျွန်းရှိ မြို့တမြို့မှာ တမြို့လုံး ရေလွှမ်းမိုးခဲ့ပြီး သေဆုံးသူ ၄၉ ယောက်အထိ ရှိခဲ့ပါတယ်။ အခြား ၂၆ ယောက်‌ကတော့ ပျောက်ဆုံးနေကြောင်း အရပ်ဘက်ကာကွယ်ရေး တာဝန်ရှိသူက ပြောပါတယ်။

ရေကြီးမှုကြောင့် ဒေသခံတွေဟာ နေအိမ်ခေါင်မိုးတွေထိ တက်ရောက်နေထိုင်ခဲ့ရပြီး လူထောင်ပေါင်း များစွာလည်း ဘေးလွတ်ရာ ရွှေ့ပြောင်းခဲ့ရပါတယ်။ ကားတွေနဲ့ သင်္ဘောကွန်တိန်နာတွေလည်း ရေကြီးနေတဲ့ လမ်းတွေပေါ်မှာ မျောပါခဲ့ပါတယ်။

ကယ်ဆယ်ရေးလုပ်ငန်းတွေမှာ ပါဝင်တဲ့ စစ်ရဟတ်ယာဉ်တစင်းကတော့ စီဘူးတောင်ဘက် မင်ဒါနာအိုကျွန်းပေါ်မှာ ပျက်ကျပြီး လူခြောက်ယောက်သေဆုံးခဲ့ပါတယ်။ လေယာဉ်သည် အဂူဆန် ဒယ်လ် ဆာအနီးမှာ ပျက်ကျခဲ့ပြီး ကူညီရန် စေလွှတ်ထားတဲ့ လေးစင်းအနက် တစင်းဖြစ်ပါတယ်။

ရဟတ်ယာဉ်နဲ့ ဆက်သွယ်မှု ပြတ်တောက်သွားတာကြောင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းတွေ ချက်ချင်းစတင်ခဲ့ပေမယ့် နောက်ပိုင်းမှာတော့ လေယာဉ်မှူးနဲ့ အမှုထမ်းတွေရဲ့ အလောက်းတွေကို ပြန်လည်တွေ့ရှိခဲ့တယ်လို့ ဖိလစ်ပိုင်လေတပ်က ပြောပါတယ်။

တိုင်ဖွန်းမုန်တိုင်းဟာ နိုဝင်ဘာ အစောပိုင်းမှာ ကုန်းတွင်းပိုင်းကို ဝင်ရောက်တိုက်ခတ်ပြီးနောက်ပိုင်း အားပျော့သွားသွားပေမယ့်လည်း တနာရီ မိုင် ၈၀ လေတိုက်နှုန်းနဲ့ ဆက်လက်ရွေ့လျားနေပါတယ်။ ။ နိုဝင်ဘာ ၅ ရက်မှာ ဗီဆာရက်စ်ကျွန်းစု‌ဒေသကို ဖြတ်ကျော်ပြီး တောင်တရုတ်ပင်လယ်ကို ဦးတည်နေတယ်လို့ မိုးလေဝသဌာနက ထုတ်ပြန်ထားပါတယ်။

image