ONE Friday Fights 132 ပြိုင်ပွဲမှာ စိုးနောင်ဦးရဲ့ပွဲက ၈ နာရီခွဲ၊ သန့်ဇင်ရဲ့ပွဲက ၉ နာရီ၊ ဗီရိုနီကာရဲ့ပွဲက ၁၀ နာရီခွဲဝန်းကျင်ဖြစ်ဖွယ်ရှိ

ONE Friday Fights 132 ပြိုင်ပွဲတွင် မြန်မာဖိုက်တာ (၃) ဦးရဲ့ တွဲဆိုင်းတွေပါဝင်နေပြီး စိုးနောင်ဦးပွဲမှာ ည (၈) နာရီခွဲ၊ သန့်ဇင်ပွဲမှာ ည (၉) နာရီ၊ ကယန်းတိုင်းရင်းသူ မြန်မာအမျိုးသမီး ဖိုက်တာ ဗီရိုနီကာပွဲမှာ ည (၁၀) နာရီခွဲဝန်းကျင်တို့မှာ ထိုးသတ်သွားဖွယ်ရှိနေပါတယ်။

ပြိုင်ပွဲကို နိုဝင်ဘာ ၇ ရက်တွင် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရှိ လုမ္မဏီအားကစားရုံမှာ ကျင်းပပြုလုပ်မှာဖြစ်ပါတယ်။

ပြိုင်ပွဲတွင် တွဲဆိုင်း ၁၂ ဆိုင်း ထည့်သွင်းကျင်းပမှာဖြစ်ပြီး မြန်မာဖိုက်တာ သုံးဦးရဲ့ တွဲဆိုင်းများ ပါဝင်နေတာဖြစ်ပါတယ်။

စိုးနောင်ဦးဟာ ထိုင်းဖိုက်တာ မိုင်ဆန်ဂျရင်းနဲ့ မွေထိုင်းစတောဝိတ်တန်းအဖြစ် ပွဲစဥ် (၄)၊ သန့်ဇင်က ထိုင်းဖိုက်တာ ခွန်ပွန်နွိုင်နဲ့ မွေထိုင်းဖလိုင်းဝိတ်တန်းအဖြစ် ပွဲစဥ် (၆)၊ ဗီရိုနီကာက တရုတ်ဖိုက်တာ လီမင်ရုနဲ့ မွေထိုင်းအက်တမ်ဝိတ်တန်း ဒုခေါင်တွဲဆိုင်းအဖြစ် ပွဲစဥ် (၁၁) တို့မှာ ယှဥ်ပြိုင်ထိုးသတ်ကြမှာဖြစ်ပါတယ်။

သန့်ဇင်နဲ့ ထိုးသတ်မယ့် ထိုင်းဖိုက်တာ ခွန်ပွန်နွိုင်က အသက် (၃၂) နှစ်ရှိပြီဖြစ်တဲ့ ဝါရင့်မွေထိုင်းဖိုက်တာဖြစ်ပါတယ်။

ခွန်ပွန်နွိုင်ဟာ ONE Friday Fights မှာ (၉) ပွဲထိုးသတ်ထားပြီး (၇) ပွဲနိုင်၊ (၂) ပွဲသာရှုံးနိမ့်ထားပါတယ်။

ခွန်ပွန်နွိုင်ဟာ နောက်ဆုံးပွဲကို ပြီးခဲ့တဲ့သြဂုတ်လတုန်းက မော်ရိုကိုဖိုက်တာနဲ့ ထိုးသတ်ထားပြီး အမှတ်နဲ့ အနိုင်ရထားပါတယ်။

အသက် (၂၁) နှစ်သာရှိသေးတဲ့ သန့်ဇင်က ONE Friday Fights မှာ (၅) ပွဲထိုးသတ်ထားပြီး (၂) ပွဲနိုင်၊ (၃) ပွဲရှုံးနိမ့်ထားပါတယ်။

သန့်ဇင်ဟာ ONE Friday Fights မှာ (၃) ပွဲဆက်တိုက်ရှုံးနိမ့်ထားတာကြောင့် အခုပွဲမှာသာ ဆက်ပြီး ရှုံးပွဲကြုံတွေ့ခဲ့မယ်ဆိုရင် နောက်ထပ်ပွဲရဖို့က အလှမ်းဝေးသွားနိုင်ပါတယ်။

ဒါကြောင့် သန့်ဇင်အနေနဲ့ ခွန်ပွန်နွိုင်နဲ့ပွဲမှာ မဖြစ်မနေ အနိုင်ထိုးဖို့ လိုအပ်နေပေမဲ့လည်း ပြိုင်ဘက်က ဝါရင့်ဖိုက်တာဖြစ်နေတာကြောင့် ခက်ခဲနိုင်ပါလိမ့်မယ်။

ကယန်းတိုင်းရင်းသူ မြန်မာအမျိုးသမီးဖိုက်တာ ဗီရိုနီကာနဲ့ ထိုးသတ်မယ့် တရုတ်အမျိုးသမီးဖိုက်တာ လီမင်ရုဟာ ONE Championship နဲ့ လက်တွဲပြီးနောက် ပထမဆုံးလာရောက်ထိုးသတ်ခြင်းဖြစ်ကြောင်း သိရပါတယ်။

တရုတ်အမျိုးသမီးဖိုက်တာ လီမင်ရုဟာ.ယခင်က တရုတ်၊ ထိုင်းနဲ့ ရုရှားနိုင်ငံများမှာ ကျင်းပတဲ့ ကစ်ဘောင်ဆင်ပြိုင်ပွဲများတွင် အများဆုံးထိုးသတ်နေသူဖြစ်ပါတယ်။

တရုတ်အမျိုးသမီး ဖိုက်တာ လီမင်ရုဟာ ကစ်ဘောင်ဆင် အားသန်တဲ့ ဖိုက်တာဖြစ်ပြီး ကစ်ဘောင်ဆင်နဲ့ မွေထိုင်းပွဲ ၃၄ ပွဲထိုးသတ်ထားရာ ၂၇ ပွဲနိုင်၊ ၇ ပွဲရှုံးနိမ့်ထားကြောင်း သိရပါတယ်။

တရုတ် အမျိုးသမီးဖိုက်တာ လီမင်ရုဟာ နောက်ဆုံးပွဲအဖြစ် ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် ၊ ဖေဖော်ဝါရီအတွင်းက တရုတ်နိုင်ငံမှာ အီရန်အမျိုး သမီးဖိုက်တာနဲ့ ကစ်ဘောင်ဆင်ပွဲ ယှဉ်ပြိုင်ထိုးသတ်ထားရာ အမှတ်ဖြင့်အနိုင်ရထားပါတယ်။

ဒါကြောင့် တရုတ်အမျိုးသမီးဖိုက်တာ လီမင်ရုဟာ ပွဲဝေးနေတာ တစ်နှစ်ကျော် ကြာနေပြီဖြစ်ပါတယ်။

ကယန်းတိုင်းရင်းသူ မြန်မာအမျိုးသမီးဖိုက်တာ ဗီရိုနီကာဟာ ONE Championship နဲ့ လက်တွဲပြီးနောက် ONE Friday Fights မှာ နှစ်ပွဲထိုးသတ်ထားရာ တစ်ပွဲနိုင်၊ တစ်ပွဲရှုံးနိမ့်ထားပါတယ်။

image