မက်ဆီ၊ စီရော်နယ်လ်ဒိုတို့နဲ့ အဝေးကြီးမှာသာရှိသေးတယ်လို့ ဟာလန်း ပြောကြား
မန်စီးတီးအသင်းရဲ့ တိုက်စစ်မှူး ဟာလန်းက မိမိအနေနဲ့ မက်ဆီ၊ စီရော်နယ်လ်ဒိုတို့နဲ့ အဝေးဆုံးမှာသာ ရှိသေးတယ်လို့ ပြောကြားခဲ့ပါတယ်။
ဟာလန်းဟာ လက်ရှိအချိန်မှာ အကောင်းဆုံးဂိုးသွင်းစွမ်းရည်ကို ပြသနေပြီး အသက်(၂၅)နှစ်အရွယ်မှာပဲ ကလပ်အသင်းနဲ့ နိုင်ငံအသင်းအတွက် ဂိုးပေါင်း(၃၂၇)ဂိုး သွင်းယူထားတာကြောင့် မက်ဆီနဲ့ စီရော်နယ်လ်ဒိုတို့ရဲ့ စံချိန်ကို ချိုးနိုင်မယ့်သူအဖြစ် ညွှန်းဆိုခံထားရသလို၊ မက်ဆီ၊ စီရော်နယ်လ်ဒိုတို့နဲ့ နှိုင်းယှဉ်ချီးကျူးမှုတွေလည်း ရှိနေတာကြောင့် ဟာလန်းက အခုလို တုံ့ပြန်ခဲ့တာပါ။
ဒေါ့မွန်နဲ့ ပွဲအကြိုပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ လက်ရှိခြေစွမ်းက မက်ဆီနဲ့ စီရော်နယ်လ်ဒိုတို့ရဲ့ အဆင့်အတန်းမျိုး ရောက်ရှိနေပြီလားလို့ မေးမြန်းမှုကို ဟာလန်းက '' မရောက်ပါဘူး။ ဘယ်သူမှ မရောက်ပါဘူး။ ကျွန်တော်ကတော့ အဝေးကြီးပါ။ သူတို့နှစ်ယောက်ကို မီနိုင်မယ့်သူ မရှိပါဘူး'' လို့ ဖြေဆိုခဲ့ပါတယ်။
ဒါ့အပြင် ဟာလန်းဟာ မိမိဟာ ဂိုးတွေသွင်းနေတဲ့ နော်ဝေကစားသမားတစ်ယောက်အဖြစ်သာ ဆက်ရှိနေပြီး ဘာမှ အပြောင်းအလဲမရှိသေးဘူးလို့လည်း ဆိုခဲ့ပါတယ်။
ဟာလန်းက မိမိအနေနဲ့ ဂိုးသွင်းစံချိန်တွေအကြောင်း မစဉ်းစားဘဲ ကလပ်အသင်းအတွက် ကူညီနိုင်ဖို့သာ အာရုံစိုက်ကြောင်းနဲ့ ကစားသမားဘဝ အဓိကရည်မှန်းချက်က နော်ဝေအသင်းကို ကမ္ဘာ့ဖလားနဲ့ ယူရိုပြိုင်ပွဲတွေဆီ ပို့ဆောင်ဖို့သာဖြစ်ကြောင်းလည်း ပြောကြားခဲ့ပါတယ်။