ပံ့သကူကောက်ရင်း ထိခိုက်ဒဏ်ရာရသူ ၁၃ ယောက်ထက်မနည်း ရှိ
မနေ့ နိုဝင်ဘာ ၄ ရက် (တန်ဆောင်မုန်းလပြည့်) ညပိုင်းက ရန်ကုန်နဲ့ နေပြည်တော်မှာ ပံ့သကူကောက်ရင်း ထိခိုက်ဒဏ်ရာရသူ ၁၃ ယောက်ထက်မနည်း ရှိခဲ့တယ်လို့ လူမှုကူညီရေးအသင်းတွေဆီက သိရပါတယ်။
နေပြည်တော် ကောင်စီနယ်မြေရှိ ပျဉ်းမနားမြို့၊ လက်ပန်ခါးလှ ကျေးရွာအနီးမှာ မနေ့ည ၈ နာရီဝန်းကျင်က ပံ့သကူကောက်နေတဲ့ အမျိုးသားတယောက်နဲ့ ကိုရင်တပါးကို ဆိုင်ကယ် တစီးက ဝင်ရောက်တိုက်မိမှု ဖြစ်ပွားခဲ့တယ်လို့ မိုးစေတနာ ပရဟိတအသင်းမှ တာဝန်ရှိသူ တယောက်က ပြောပါတယ်။
ဒါအပြင် ပျဉ်းမနားမြို့၊ ပန်းခင်း မီးပွိုင့်အနီးမှာလည်း ပံ့သကူပစ်ပြီး လမ်းဘေးမှာ ရပ်နေတဲ့ အသက် ၁၁ အရွယ် မိန်းကလေးတယောက်ကို ကားတစီးက ဝင်ရောက်တိုက်မိမှု ဖြစ်ပွားခဲ့ပြီး ခြေ၊ လက်နဲ့ ဘယ်ဘက်မျက်လုံး ထိခိုက်ဒဏ်ရာ ပြင်းထန်စွာ ရရှိခဲ့တယ်လို့ သူက ပြောပါတယ်။
“ပန်းခင်းမီးပွိုင့် ဖြစ်စဉ်က သူက ပိုက်ဆံထွက်ကြဲပြီး ရပ်ကြည့်နေတဲ့ အချိန်မှာ ကားက ဝင်တိုက်သွားတာ။ ညက ဖြစ်စဉ် ငါးခု၊ ခြောက်ခုလောက်ရှိတယ်။ အချိန်တွေကတော့ ရှေ့ဆင့်နောက်ဆင့် ဆိုသလိုပဲ ဖြစ်သွားတာ။ ရန်ကုန် - မန္တလေး လမ်းဟောင်းမှာလည်း ဖြစ်တယ်။ စုစုပေါင်း ထိခိုက်ဒဏ်ရာရတာက ခုနစ်ယောက်လောက် ရှိမယ်” လို့ သူက ပြောပါတယ်။
ဒါအပြင် ရန်ကုန်မြို့၊ လှိုင်သာယာ မြို့နယ်မှာလည်း မနေ့ည ၈ နာရီ ၅၂ မိနစ်ဝန်းကျင်က ပံ့သကူကောက်ရင်း အမျိုးသား နှစ်ယောက် ရန်ဖြစ်စကားများရာက တယောက် ဦးခေါင်း ထိခိုက်ဒဏ်ရာ ရရှိခဲ့တဲ့အတွက် လှိုင်သာယာ ပြည်သူဆေးရုံကို အရေးပေါ် ပို့ဆောင်လိုက်ရတယ်လို့ ခွန်အားသစ် လူမှုကူညီရေး ပရဟိတအသင်းမှ တာဝန်ရှိသူတယောက်က ပြောပါတယ်။
ဒါအပြင် ရန်ကုန်မြို့၊ သန်လျင်မြို့နယ်ရှိ ဂျမားကျောင်းနားမှာလည်း ပံ့သကူကောက်ရင်း လူနှစ်ယောက် ဆိုင်ကယ်နဲ့ တိုက်မိမှု ဖြစ်ပွားခဲ့သလို သာကေတမြို့နယ်မှာလည်း ကားတိုက်မှုကြောင့် ထိခိုက် ဒဏ်ရာရသူ တယောက် ရှိခဲ့တယ်လို့ မြို့ခံတွေဆီက သိရပါတယ်။
“အပျော်ကနေ အပျက်ဖြစ်ရတယ်။ သန်လျင်မှာ ဖြစ်တာကတော့ အဲဒီ နှစ်ယောက်က အခုထိ သေလား၊ ရှင်လားတော့ မသိသေးဘူး။ ပံ့သကူဆိုတာ အရင် ရေရိုး အစဉ်အလာက လူခြေတိတ်ချိန် ဘယ်သူမှ မသိအောင် ပံ့သကူပစ်ကြတာ။ အခုကတော့ ကားတွေနောက် အော်ဟစ် လိုက်တောင်းနေတာ ဖြစ်သွားပြီ။ တချို့ဆို လာနေတဲ့ ကားရှေ့ကနေ ပိတ်ရပ်ပြီး တောင်းကြတာတွေလည်း တွေ့နေရတယ်။ တကယ့်ကို အန္တရာယ်လည်း အရမ်းများတဲ့ အခြေအနေပါ” လို့ သန်လျင်မြို့နယ်မှာ နေထိုင်သူက ပြောပါတယ်။
ဒါအပြင် အင်းစိန်၊ ဖော့ကန်နဲ့ ကြို့ကုန်းဘက်မှာလည်း ပံ့သကူကောက်ရင်း ခြေထောက် ထိခိုက်ဒဏ်ရာ ရရှိသူ နှစ်ယောက် ရှိခဲ့တယ်လို့ တွဲလက် လူမှုကူညီရေးအသင်း တာဝန်သူက ပြောပါတယ်။
ပံ့သကူပစ်တဲ့ အလေ့အထဟာ တန်ဆောင်တိုင်ပွဲတော်ကာလ ရိုးရာအစဉ်အလာတခု ဖြစ်ပေမယ့် ကိုဗစ်ကာလအတွင်းကစလို့ လူစည်ကားရာ လမ်းမတွေပေါ် မောင်းနှင်လာတဲ့ ကားတွေပေါ်ကနေ ပံ့သကူခေါင်းစဉ်နဲ့ ပိုက်ဆံတွေ ကြဲချတဲ့ အလေ့အထ စတင်ပေါ်ပေါက်လာရာက ယာဉ်မတော်တဆမှုတွေလည်း နှစ်စဉ် ဖြစ်ပေါ်နေတာပါ။
ဒီလို မတော်တဆမှုတွေ ဖြစ်ပွားနေတာနဲ့ ပတ်သက်လို့ တွဲလက် လူမှုကူညီရေးအသင်း တာဝန်သူက “ပံ့သကူ ကောက်တာလည်း ကောက်ပါ။ ဒါပေမယ့် လမ်းတွေပေါ်တော့ အရမ်း မတက်ကြပါနဲ့လို့ ပြောချင်တယ်။ တချို့လမ်းတွေဆို ကားက တလမ်းသွားစာပဲ ရှိတာကိုး။ ဒါကြောင့် လူတွေ အပြင်ထွက်မယ် ဆိုရင်လည်း ကားလမ်းဘေးမှာပဲ နေကြဖို့ ပြောချင်တယ်” လို့ ဆိုပါတယ်။
ဒါအပြင် ဒီကနေ့ နိုဝင်ဘာ ၅ ရက်၊ ညပိုင်းမှာလည်း ပံ့သကူအပြင် သူခိုးကြီးည (ကျီးမနိုးပွဲ) ပါ ရှိနေတဲ့အတွက် ပြည်သူတွေအနေနဲ့ အပျော်ကနေ အပျက်မဖြစ်အောင် ဂရုပြုကြစေလိုတယ်လို့ ဝန်းရံမှူး လူမှုကူညီရေးအသင်း (မြောက်ဒဂုံ) မှ တာဝန်ရှိသူ တယောက်က ပြောပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်ကလည်း ရန်ကုန် တန်ဆောင်တိုင်ညမှာ ပံ့သကူကောက်ရင်း ကားတိုက်မိလို့ ကိုးယောက်ထက်မနည်း သေဆုံးခဲ့ကာ သုံးယောက် ဒဏ်ရာရရှိခဲ့တယ်လို့ လူမှုကူညီရေး အသင်းတွေဆီက သိရပါတယ်။
ဒါအပြင် ၂၀၂၃ ခုနှစ်ကလည်း ရွှေပြည်သာမြို့နယ်မှာ ပံ့သကူလိုက်ကောက်ရင်း ကလေးငယ်တယောက် ကားတိုက် သေဆုံးမှု ဖြစ်ပွားခဲ့သလို အင်းစိန်မြို့နယ်မှာလည်း ပံ့သကူကောက်ရင်း ကားတိုက်ခံရတာကြောင့် ကလေးငယ်တယောက် ခေါင်းကွဲဒဏ်ရာ ရရှိခဲ့တယ်လို့ သိရပါတယ်။
အဲဒီ ၂၀၂၃ ခုနှစ် အတွင်းမှာပဲ ပဲခူးတိုင်း၊ ပဲခူးမြို့၊ ရွှေဂူလေးဘုရား လမ်းမပေါ်မှာလည်း ပံ့သကူ လိုက်ကောက်နေတဲ့ အဖွဲ့ကို ရှောင်တိမ်းရာကနေ ယာဉ်တိုက်မှု ဖြစ်ပွားခဲ့ပြီး တယောက် ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ သိရပါတယ်။