ဘောလုံးအေးဂျင့်တစ်ဦးရဲ့ ခြိမ်းခြောက်ခံခဲ့ရတဲ့ အူဒိုဂီကို ကြည့်ရှုစောင့်ရှောက်ပေးထားကြောင်း စပါးအသင်း ကြေညာ
စပါးအသင်းက ပြီးခဲ့တဲ့ စက်တင်ဘာလအတွင်း ဘောလုံးအေးဂျင့်တစ်ဦးရဲ့ သေနတ်နဲ့ ခြိမ်းခြောက်ခြင်းခံခဲ့ရတဲ့ အီတလီနောက်ခံလူ အူဒိုဂီကို ကြည့်ရှုစောင့်ရှောက်ပေးထားကြောင်း ကြေညာခဲ့ပါတယ်။
အသက်(၂၂)နှစ်သာရှိသေးတဲ့ အီတလီဘယ်နောက်ခံလူ အူဒိုဂီဟာ ၂၀၂၂ နွေရာသီမှာ စပါးအသင်းဆီ ယူရိုသန်း(၂၀)နဲ့ ပြောင်းရွှေ့ခဲ့သူဖြစ်ပြီး ၂၀၂၂-၂၃ ရာသီမှာ အူဒီးနီးစ်အသင်းဆီ အငှားပြန်ကစားခဲ့ပေမဲ့ နောက်ရာသီကစပြီး စပါးအသင်းမှာ ကစားနေခဲ့တာပါ။
အူဒိုဂီရဲ့ အေးဂျင့်ဖြစ်သူက စက်တင်ဘာ(၆)ရက်နေ့မှာ အူဒိုဂီကို သေနတ်ပြခြိမ်းခြောက်ပြီး ယူရို(၇၀၀၀၀၀)ဝန်းကျင် ငွေညှစ်ခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။
ဗြိတိန်မီဒီယာတွေက ပရီးမီးယားလိဂ်ကစားသမားတစ်ဦး ခြိမ်းခြောက်ငွေညှစ်ခံခဲ့ရကြောင်းသာ ဖော်ပြခဲ့ပေမဲ့ အင်္ဂါနေ့မှာ စပါးအသင်းက အူဒိုဂီနဲ့ မိသားစုကို အဲဒီဖြစ်ရပ် ဖြစ်ပွားချိန်ကတည်းက ကြည့်ရှုစောင့်ရှောက်ပေးထားကြောင်းနဲ့ ဥပဒေရေးရာကိစ္စဖြစ်တာကြောင့် နောက်ထပ်မှတ်ချက်မပေးလိုကြောင်း ကြေညာချက် ထုတ်ပြန်ပြီး အသိပေးခဲ့တာပါ။
အူဒိုဂီကို ခြိမ်းခြောက်ခဲ့တဲ့ အသက်(၃၁)နှစ်အရွယ် အေးဂျင့်ကို စက်တင်ဘာ(၈)ရက်ကတည်းက ဖမ်းဆီးထိန်းသိမ်းထားပြီး စုံစမ်းစစ်ဆေးမှု ပြုလုပ်နေကြောင်း မက်ထရိုပိုလီတန်ရဲတပ်ဖွဲ့ကလည်း အတည်ပြုခဲ့ပါတယ်။