ကိုယ့်အသင်းဧရိယာအစပ်မှ ၇၅ မီတာလိမ်ခေါက်ဆွဲပြေးကာ ကြီးကျယ်ခမ်းနားလွန်းလှတဲ့ ဂိုးကို သွင်းယူခဲ့တဲ့ စပါးစ်နောက်ခံလူဗန်ဒီဗန်
====================
မစ်ကီဗန်ဒီဗန်ဟာ မနေ့ညကတုန်းက ကိုပင်ဟေဂင်နှင့်ပွဲစဉ်တွင် စပါးစ်အသင်းပင်နယ်တီဧရိယာအစပ်မှ စတင်ကာ ၇၅ မီတာအထိ လိမ်ခေါက်ဆွဲပြေးပြီး ကြီးကျယ်ခမ်းနားလွန်းလှတဲ့ဂိုးတစ်ဂိုးအား သွင်းယူပြခဲ့ပါတယ်။
ဒတ်ချ်နောက်ခံလူဟာ ယင်းဆွဲပြေးစဉ်အတွင်း အနည်းဆုံးကိုပင်ဟေဂင်ကစားသမား ၄ ဦးကို ကျော်ဖြတ်ခဲ့ရပါတယ်။
ယင်းသိ့ သွင်းဂိုးမျိုးကို ၂၀၁၉ ခုနှစ် ဒီဇင်ဘာလတုန်းက ဘန်လေနှင့်ပွဲမှာ စပါးစ်အသင်းခေါင်းဆောင်ဟောင်းဆန်ဟောင်မင်းလည်း သွင်းခဲ့ဖူးပါတယ်။ ဆန်ဟောင်မင်းဟာ ယင်းဂိုးဖြင့်ပင် ကမ္ဘာ့အကောင်းဆုံးဂိုးဆု Puskas Award ကို ဆွတ်ခူးခဲ့ပါတယ်။
ဗန်ဒီဗန်ဟာ အပြေးမြန်တဲ့သူအဖြစ် လူသိများပေမယ့်လည်း ဘောလုံးအလိမ်အခေါက်စွမ်းရည်နှင့်ပတ်သက်ပြီး လူသိများခြင်း မရှိပါဘူး။
ဂျာအိုပယ်ဟင်ဟာက ဘောလုံးပြန်ဆယ်နိုင်ပြီးနောက် ပင်နယ်တီဧရိယာအစပ်နားတွင် ရှိနေတဲ့ ဗန်ဒီဗန်ကို ဘောလုံးပေးပို့ခဲ့ပါတယ်။
ယင်းနောက်မှာတော့ ဗဟိုနောက်ခံလူဟာ ပြိုင်ဘက် ပင်နယ်တီအတွင်းသို့အထိ ဆွဲပြေးပါတော့တယ်။
သူဟာ လျှင်မြန်တဲ့ ပြေးနှုန်းဖြင့် ကိုပင်ဟေဂင်ကစားသမားများကို ကျော်ဖြတ်ခဲ့ပါတယ်။ သူဟာ မူအာနီကို ဘောလုံးပေးပို့နိုင်တဲ့ အခွင့်အရေး ရခဲ့ပေမယ့် မပေးခဲ့ဘဲ ကိုယ်တိုင်ပင် ဂိုးသွင်းခဲ့ပါတယ်။
ဗန်ဒီဗန် အခုလို ဂိုးသွင်းနိုင်တာနဲ့ပတ်သက်ပြီး အံ့ဩစရာတော့ မရှိပါဘူး။ ဒီဂိုးက သူ့ရဲ့ ယခုရာသီ ၆ ဂိုးမြောက်ဂိုး ဖြစ်ပါတယ်။
မစ်ကီဗန်ဒီဗန်ဟာ မနေ့ညကပွဲတွင် စပါးစ်ရဲ့ တတိယမြောက်ဂိုးကို သွင်းယူခဲ့တာပါ။ စပါးစ်ဟာ မနေ့ညက ကိုပင်ဟေဂင်ကို ၄-၀ ဂိုးဖြင့် အနိုင်ရခဲ့တာ ဖြစ်ပြီး စပါးစ်ရဲ့ ကျန်အနိုင်ဂိုးများကို ဘရန်နန်ဂျွန်ဆင်၊ ဝီလ်ဆင်အိုဒိုဘတ်၊ ပယ်ဟင်ဟာတို့က သွင်းခဲ့ကြပါတယ်။