2 ရက် - ဘာသာပြန်ပါ။

မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား လာရောက်ဖူး မြော်သည့် (၃)သန်းပြည့်မြောက်သော ဆရာတော်အားဓမ္မလက်ဆောင်ပစ္စည်းများ ဆက်ကပ်လှူဒါန်း

နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်ရှိ ဗုဒ္ဓဥယျာဉ်ဝတ္ထု ကံတော်တွင်တည်ထားပူဇော်သည့် မာရဝိဇယဗုဒ္ဓရုပ် ပွားတော်မြတ်ကြီးအား အနယ်နယ်အရပ်ရပ်မှလာရောက်ဖူးမြှော်ကြည်ညိုသူများ နေ့စဥ်လာရောက်လျက်ရှိရာ နိုဝင်ဘာ ၄ ရက်(တန်ဆောင်မုန်းလပြည့်နေ့)တွင် မန္တလေးတိုင်း၊ သာစည်မြို့နယ်၊ မရွေးရွာဘုန်းတော်ကြီးကျောင်းတိုက်မှ ဆရာတော် ဘဒ္ဒန္တ ကုဝေရ သက်တော်(၃၉)နှစ်၊ ဝါတော်(၁၉)ဝါသည် (၃)သန်းပြည့် မြောက်သော ဘုရားဖူးသူအဖြစ်မှတ်တမ်းဝင်ခဲ့သည်။

ထို့ကြောင့် ဆရာတော်နှင့် ဆွေမျိုးများအား ဘုရားကြီးဂေါပကအဖွဲ့တာဝန်ရှိသူများက ဘုရားကြီးမုဒ်ဦးတွင် ကြိုဆိုနှုတ်ဆက်ခဲ့ကြပြီး မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးနှင့် မာရဝိဇယဗုဒ္ဓဥယျာဉ်အတွင်းရှိ ကျောက် စာရုံစေတီတော်များ၊ အဂ္ဂါဓိပတိသာသနာ့ဗိမာန်တော်၊ ဂန္ဓ ကုဋိတိုက်များ၊ မုစလိန္ဒကန်၊ နဂါးရုံဘုရား၊ မာရဝိဇယကျောင်းတော်၊ သုဓမ္မာဇရပ်များအား လှည့်လည်ဖူးမြော်ကြည်ညိုခဲ့ကြသည်။

ထို့နောက် ဘုရားဂေါပကအဖွဲ့မှ ဆရာတော်အား ဉာဏ် တော်(၉)လက်မအမြင့်ရှိ စကျင်ကျောက်ဖြင့်ထုဆစ်ထားသည့် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးပုံတော်တူ ဆင်းတုတော်တစ်ဆူ၊ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး မှန်ပေါင်သွင်းဓာတ်ပုံတစ်ပုံ၊ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးနှင့် သာသနိကအဆောက်အဦများဆိုင်ရာသမိုင်းကြောင်းပါဝင်သည့် CD တစ်ချပ်နှင့် ပါဠိ၊ ရိုမန် အက္ခရာနှစ်မျိုးတို့ဖြင့်ပြုစုထားသော ဆဋ္ဌသင်္ဂါယနာမူ ပိဋကတ်ပါဠိတော်(၅၃)ကျမ်း (၄၀)အုပ်တစ်စုံတို့ကို ဓမ္မလက်ဆောင်အဖြစ်ဆက်ကပ်လှူဒါန်းခဲ့သည်။

ထိုသို့ ဘုရားဖူးသူ(၃)သန်းမြောက်အဖြစ် ဂုဏ်ပြုခံရခြင်းနှင့်ပတ်သက်၍ "နေပြည်တော်ကိုအလည်လာရင် ဦးဇင်းကဒီဘုရားကြီးကိုရောက်ဖြစ်တယ်။ ဘာလို့လာတာလဲဆိုရင် ဘုရားကြီးကိုဖူးလိုက်ရတာနဲ့ အလိုလိုကို စိတ်ချမ်းသာတယ်။ ပီတိတွေဖြစ်တယ်။ ဒါကြောင့်မို့ ဦးဇင်းက နေပြည်တော်လာတိုင်းလာတိုင်းလည်း ဒီဘုရားကြီးကို ဖူးဖြစ်ပါတယ်"ဟု ဆရာတော် ဘဒ္ဒန္တ ကုဝေရ ကမိန့်ကြားတော်မူခဲ့သည်။

image