လွန်ခဲ့တဲ့ နှစ်ပေါင်း ၁၂၂ နှစ်တုန်းက စံချိန်ကို လိုက်မီလာတဲ့ အာဆင်နယ်
=====================
အာဆင်နယ်ဟာ ချက်တွင် ဆလာဗီးယားပရက်ကို ၃-၀ ဂိုးဖြင့် အနိုင်ရရှိပြီးနောက် လွန်ခဲ့တဲ့နှစ်ပေါင်းတစ်ရာကျော်တုန်းက စံချိန်ကို လိုက်မီလာခဲ့ပါတယ်။
အာဆင်နယ်ဟာ ဆလာဗီးယားပရက်ကို အနိုင်ရရှိပြီးနောက် ပြိုင်ပွဲအရပ်ရပ် ၁၀ ပွဲဆက်တိုက် အနိုင်စံချိန် ရရှိလာတာ ဖြစ်ပြီး ၁၉၀၃ ခုနှစ်တုန်းက ကလပ်ရဲ့ စံချိန်ကို လိုက်မီလာခဲ့တာလည်း ဖြစ်ပါတယ်။
အာဆင်နယ်ဟာ ချက်တွင် ဂိုးမပေးခဲ့ရမှုနှင့်အတူ ၈ ပွဲဆက် ဂိုးမပေးရတဲ့ စံချိန်ကိုလည်း လိုက်မီလာခဲ့ပါတယ်။ အာဆင်နယ်တို့ နောက်ဆုံးအကြိမ် ၈ ပွဲဆက်ဂိုးမပေးခဲ့ရတာ ၁၉၀၃ ခုနှစ်တုန်းက နှစ်ရာသီအတွင်း ဖြစ်ခဲ့တာပါ။
မနေ့ညက ပွဲတွင် အာဆင်နယ်ဟာ တိုက်စစ်မှူးဗစ်တာယိုကီရေးစ် ဒဏ်ရာရရှိနေမှုနှင့်အတူ ကွင်းလယ်ကစားသမားမီရီနိုကို အထောင်တိုက်စစ်မှာ အသုံးပြုသွားခဲ့ပါတယ်။ မီရီနိုကလည်း ၄၆ မိနစ်နှင့် ၆၈ မိနစ်တို့မှာ နှစ်ဂိုးသွင်းကာ သူ့အရည်အချင်းကို ပြသသွားခဲ့ပါတယ်။
အာဆင်နယ်အတွက် ကျန်တစ်ဂိုးကို ဆာကာက ပင်နယ်တီကနေ သွင်းခဲ့တာပါ။
အာဆင်နယ်ဟာ ဆလာဗီးယားပရက်ကို အနိုင်ရရှိမှုနှင့်အတူ ပြိုင်ပွဲအရပ်ရပ် ၁၃ ပွဲဆက် ရှုံးပွဲမရှိမှတ်တမ်းလည်း ပိုင်ဆိုင်နိုင်ခဲ့ပါတယ်။
ဒါ့အပြင် မနေ့ညကပွဲတွင် လူစားဝင်ရောက်ကစားခဲ့တဲ့ တောင်ပံကစားသမားမက်စ်ဒေါ်မန်းမှာလည်း ၁၅ နှစ်နှင့် ၃၀၈ ရက်ဖြင့် ချန်ပီယံလိဂ်ကစားခွင့်ရ အသက်အငယ်ဆုံးကစားသမားအဖြစ် သမိုင်းမှတ်တိုင်စိုက်ထူခဲ့ပါတယ်။ မက်စ်ဒေါ်မန်းဟာ ၂၀၂၀ ခုနှစ်တုန်းက ဒေါ့မွန်အတွက် ၁၆ နှစ်နှင့် ၁၈ ရက်ဖြင့် ပွဲကစားခွင့်ရခဲ့တဲ့ ယူဆွတ်ဖာမူကိုကိုရဲ့ စံ့ချိန်ကို ရိုက်ချိုးခဲ့တာလည်း ဖြစ်ပါတယ်။
အာဆင်နယ်ဟာ လာမယ့် နိုဝင်ဘာလ ၈ ရက်နေ့ စနေနေ့တွင် ဆန်းဒါးလန်းနှင့် ရင်ဆိုင်ရမှာ ဖြစ်ပြီး ယင်းပွဲတွင် ဂိုးမပေးရဘဲ အနိုင်ရရှိလာပါက ကလပ်သမိုင်းတွင် ပထမဆုံးအကြိမ်အဖြစ် ၁၁ ပွဲဆက်အနိုင်စံချိန်အပြင် ၉ ပွဲဆက် ဂိုးမပေးရတဲ့စံချိန်ကိုလည်း ပိုင်ဆိုင်လာပါမယ်။