ဗီယက်နမ်အင်တာနေရှင်နယ်စီးရီးကြက်တောင်ပြိုင်ပွဲမှာ သက်ထားသူဇာနဲ့ ဟိဏ်းထွဋ်တို့ ကွာတားအထိ တက်ရောက်ခဲ့

FELTH ဗီယက်နမ်အင်တာနေရှင်နယ်စီးရီးကြက်တောင်ပြိုင်ပွဲကို ဝင်ရောက်ယှဥ်ပြိုင်ခဲ့ကြတဲ့ မြန်မာကြက်တောင်အားကစားသမားတွေထဲမှာ သက်ထားသူဇာနဲ့ ဟိဏ်းထွဋ်တို့ နှစ်ဦးဟာ
ကွာတားအဆင့်အထိ တက်ရောက်နိုင်ခဲ့ကြပါတယ်။

ဗီယက်နမ်အင်တာနေရှင်နယ်စီးရီးကြက်တောင်ပြိုင်ပွဲကို ပြီးခဲ့တဲ့အောက်တိုဘာ (၂၈) ရက်ကစပြီး ဗီယက်နမ်တောင်ပိုင်းမှာ ကျင်းပနေတာဖြစ်ပါတယ်။

အဲဒီပြိုင်ပွဲကို မြန်မာအမျိုးသားကြက်တောင်ကစားသမား (၄) ဦး၊ အမျိုးသမီးကြက်တောင်ကစားသမား (၃) ဦး၊ ပေါင်း (၇) ဦး ဝင်ရောက်ယှဥ်ပြိုင်ခဲ့ကြတာဖြစ်ပါတယ်။

ဝင်ပြိုင်ခဲ့တဲ့ မြန်မာကြက်တောင်ကစားသမား (၇) ဦးထဲမှာ သက်ထားသူဇာနဲ့ ဟိဏ်းထွဋ်တို့ နှစ်ဦးသာ ကွာတားအဆင့်အထိ တက်ရောက်နိုင်ခဲ့တာဖြစ်ပါတယ်။

သက်ထားသူဇာဟာ အမျိုးသမီးတစ်ဦးချင်းပြိုင်ပွဲ (၃၂) ဦးအဆင့်မှာ ထိုင်းကစားသမားကို (၂၁-၁၅၊ ၂၂-၂၀) မှတ်နဲ့ အနိုင်ရခဲ့ပါတယ်။

သက်ထားသူဇာဟာ (၁၆) ဦးအဆင့်မှာ အိမ်ရှင်ဗီယက်နမ်ကစားသမားကို (၂၁-၁၁၊ ၂၁-၇) မှတ်နဲ့ အနိုင်ရပြီး ကွာတားအဆင့်မှာတော့ ထိုင်းကစားသမားကို (၁၁-၂၁၊ ၂၁-၁၈၊ ၁၉-၂၁) မှတ်၊ (၁-၂) ပွဲနဲ့ ရှုံးနိမ့်ခဲ့တာဖြစ်ပါတယ်။

ဟိဏ်းထွဋ်ဟာ အမျိုးသားတစ်ဦးချင်း (၆၄) ဦးအဆင့်မှာ မလေးရှားကစားသမားကို (၂၁-၁၈၊ ၂၁-၁၄) မှတ်နဲ့ အနိုင်ရပြီး (၃၂) ဦးအဆင့်မှာ မလေးရှားကစားသမားကိုပဲ (၂၁-၅၊ ၂၁-၁၈) မှတ်နဲ့ အနိုင်ရပြီး (၁၆) ဦးအဆင့်ကို တက်ရောက်ခဲ့ပါတယ်။

ဟိဏ်းထွဋ်ဟာ (၁၆) ဦးအဆင့်မှာ ဖိလစ်ပိုင်ကစားသမားကို (၂၁-၁၅၊ ၂၁-၁၂) မှတ်နဲ့ အနိုင်ရခဲ့ပြီး ကွာတားအဆင့်မှာတော့ အိမ်ရှင်ဗီယက်နမ်ကစားသမားကို (၁၆-၂၁ ၁၈-၂၁) မှတ်နဲ့ ရှုံးနိမ့်ခဲ့တာဖြစ်ပါတယ်။

မြန်မာ့လက်ရွေးစင်ကြက်တောင်ကစားသမားတွေဟာ လာမယ့် ၂၀၂၅ ဆီးဂိမ်းစ်ပြိုင်ပွဲအတွက် ရည်ရွယ်ပြီး နိုင်ငံတကာပြိုင်ပွဲတွေကို ဆက်တိုက်ဝင်ရောက်ယှဥ်ပြိုင်နေလျက်ရှိနေပါတယ်။

imageimage