ပေါင် ၃၅ သန်းဖြင့် အပြီးသတ်ခေါ်ယူနိုင်မယ့်အချက် ပါဝင်ပေမယ့် စာချုပ်ပါအချက်ကြောင့် လီဗာပူးသို့ ပြန်ရဖို့ ရှိနေတဲ့ ဟာဗေးအီးလီးယော့
ဟာဗေးအီးလီးယော့ဟာ နွေရာသီ အပြောင်းအရွှေ့ဈေးကွက် နောက်ဆုံးရက်မှာ အပြီးသတ်ပြောင်းရွှေ့နိုင်မယ့်အချက်ဖြင့် လီဗာပူးမှ ဗီလာသို့ အငှားဖြင့် ပြောင်းခဲ့ပါတယ်။
အင်္ဂလန်ယူ-၂၁ အသင်းနှင့်အတူ ယူရို ယူ-၂၁ ပြိုင်ပွဲမှာ ခြေစွမ်းပြခဲ့တဲ့ အီးလီးယော့ဟာ အန်ဖီးလ်သို့ ဖလိုရီယန်ဝါ့ဇ် ရောက်လာမှုနှင့်အတူ ဗီလာသို့ ပြောင်းခဲ့ရတာလည်း ဖြစ်ပါတယ်။
ဒါပေမယ့် အီးလီးယော့ဟာ ဗီလာပါ့ခ်မှာ ထင်မှတ်ထားသလို မကြုံရဘဲ ပုံမှန်ပွဲကစားခွင့် ရရှိရေး ရုန်းကန်နေရပါတယ်။
အသက် ၂၂ နှစ်အလယ်တန်းကစားသမားဟာ ယခုအပတ် မိခင်ကလပ် လီဗာပူးနှင့်ရင်ဆိုင်ရမယ့်ပွဲမှာ ဗီလာအတွက် ပါဝင်ကစားခွင့် ရလာမှာ မဟုတ်ပါဘူး။
ဒါ့အပြင် သူဟာ ဗီလာမှာ ပုံမှန်ကစားခွင့် ရရေး ရုန်းကန်နေရမှုနှင့်အတူ လာမယ့်နွေရာသီမှာ အပြီးသတ် ပြောင်းခွင့်မရဘဲ လီဗာပူးသို့ ပြန်ရကိန်းဆိုက်နေပါတယ်။
အီးလီးယော့ဟာ ယခုရာသီတွင် ဗီလာအတွက် ပရီးမီးယားလိဂ်ပွဲတစ်ပွဲတည်းသာ ပွဲထွက်ခွင့် ရထားပါတယ်။ သူဟာ ပြီးခဲ့တဲ့လတုန်းက ဖူလ်ဟမ်ကို အိမ်ကွင်းမှာ ၃-၁ ဖြင့် အနိုင်ရတဲ့ပွဲမှာ ပွဲထွက်ခွင့်ရခဲ့တာပါ။
သူဟာ အူနိုင်းအမ်မရီရဲ့အသင်းအတွက် ၉၇ မိနစ်တည်းသာ ကစားခွင့်ရထားပါတယ်။
သူဟာ ဘရန့်ဖို့ဒ်ကို ရှုံးနိမ့်တဲ့ ခါရာဘောင်ဖလားပွဲမှာ ပွဲထွက်ခွင့်ရခဲ့ပေမယ့်လည်း ပထမပိုင်းအပြီးမှာ လူစားလဲလှယ်ခြင်းခံခဲ့ရပါတယ်။
ဗီလာဟာ နွေရာသီတုန်းက အီးလီးယော့ကို အငှားဖြင့် ခေါ်ယူစဉ်တုန်းက စာချုပ်အတွင်းတွင် သတ်မှတ် ပွဲအရေအတွက် ပြည့်အောင် အသုံးပြုမှသာလျှင် ပေါင် ၃၅ သန်းဖြင့် ခေါ်ယူရမယ့် အချက်ကို ထည့်သွင်းထားတာပါ။
ဒီတော့ အီးလီးယော့သာ သတ်မှတ်ပွဲပမာဏ ကစားခွင့်မရဘဲ ဗီလာသို့ အပြီးသတ်ပြောင်းခွင့်ရလာမှာ မဟုတ်ဘဲ မိခင်ကလပ် လီဗာပူးသို့ ပြန်ရပါမယ်။
အီးလီးယော့ဟာ ပြီးခဲ့တဲ့အပတ်တုန်းက မန်စီးတီးအား အနိုင်ရတဲ့ပွဲတွင် ဗီလာလူစာရင်းထဲတွင်ပင် ပါဝင်လာခြင်း မရှိရာ သူ့ရဲ့ လက်ရှိ အခြေအနေက ချက်ချင်း ပြောင်းလဲလာမယ့် အခြေအနေမျိုး မရှိပါဘူး။
ဒါ့အပြင် ဗီလဟာ ပြိုင်ပွဲအရပ်ရပ် နောက်ဆုံး ၇ ပွဲတွင် ၆ ပွဲ အနိုင်ရထားပြန်ရာ အီးလီးယော့အတွက် ပွဲထွက်လူစာရင်းသို့ ထိုးဖောက်ရေး ပိုမိုခက်ခဲနေပါတယ်။
တဖက်တွင် အီးလီးယော့ဟာ လာမယ့်နွေရာသီမှာ ကမ္ဘာ့ဖလားပြိုင်ပွဲရှိနေမှုနှင့်အတူ ဗီလာတွင် ပုံမှန်ပွဲကစားခွင့် ရရှိရန် လိုအပ်နေပါတယ်။