ရန်ကုန်တွင် မိုးကြိုးပ-စ်ခြင်းနှင့်အတူ ပြည်နယ်နှင့် တိုင်းအချို့တွင် အချိန်အခါမဟုတ်မိုးရွာသွန်း
ရန်ကုန်တွင် မိုးကြိုးပ-စ်ခြင်းနှင့်အတူ မိုးရွာသွန်းနေသလို ကျန်ပြည်နယ်နှင့် တိုင်းအချို့တွင် အချိန်အခါမဟုတ်မိုးရွာသွန်းနေကြောင်း သိရသည်။
ရန်ကုန်တွင် ယမန်နေ့ အောက်တိုဘာ (၃၁)ရက်မှစတင်၍ မိုးရွာသွန်းခဲ့ပြီး ယနေ့ နိုဝင်ဘာ(၁) နံနက်ပိုင်းတွင်လည်း ယမန်နေ့ထက် မိုးသည်းထန်စွာရွာသွန်းကာ မိုးကြိုးပ-စ်ခြင်းနှင့် မိုးချုန်းခြင်းများပါ ဖြစ်ပေါ်ခဲ့သည်။
"မနက်က မိုးကြိုးပ-စ်ချတာ ကိုယ်နေတဲ့ နေရာနဲ့နီးနီးလေးလိုဘဲ။ မိုးက အချိန်အခါ မဟုတ်ကို ရွာနေတာ"ဟု ရန်ကုန်နေ ပြည်သူတစ်ဦးက မှတ်ချက်ပြုပြောသည်။
ယနေ့ နံနက်ပိုင်း မိုးဇလ၏ အသိပေးချက်အရ ရန်ကုန်တိုင်း ၊ ဧရာဝတီတိုင်း၊ တနင်္သာရီတိုင်း၊ မွန် ပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် နေရာအနှံ့အပြား၊ ပဲခူးတိုင်း၊ မကွေးတိုင်းနှင့် ကရင်ပြည် နယ်တို့တွင် နေရာစိပ်စိပ်၊ နေပြည်တော်၊ ကချင်ပြည်နယ်နှင့် ချင်းပြည်နယ်တို့တွင် နေရာကျဲကျဲနှင့် ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် နေရာကွက်ကျား မိုးထစ်ချုန်းရွာမည်ဖြစ်ကာ ရွာရန်ရာနှုန်းပြည့်ဖြစ်သည်ဟု ထုတ်ပြန်ထားသည်။
နောက် (၂) ရက်အတွက်ခန့်မှန်းချက်အရ နေပြည်တော်၊ ရန်ကုန်တိုင်း၊ ပဲခူးတိုင်း၊ ဧရာဝတီတိုင်း၊ တနင်္သာရီတိုင်း၊ ကရင် ပြည်နယ်၊ မွန်ပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် နေရာစိပ်စိပ်မှ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာနိုင်သေးသည်ဟု ဖော်ပြထားသည်။