ဖုန်းတစ်လုံး ဈေးသာရှိသည့် လူတူစက်ရုပ်ကို တရုတ်မိတ်ဆက်

ပေကျင်းအခြေစိုက် Noetix Robotics ကုမ္ပဏီက Bumi လို့ခေါ်တဲ့ လူပုံစံစက်ရုပ် သေးသေးလေးတစ်ရုပ်ကို မိတ်ဆက်လိုက်တယ်လို့ Reutersသတင်းမှာ ဖော်ပြထားပါတယ်။

သူ့ရဲ့ ဈေးနှုန်းဟာ ယွမ် ၉,၉၉၈ (ဒေါ်လာ ၁,၃၇၀ ဝန်းကျင်) ပဲ ရှိတာကြောင့် ဒါဟာ ဈေးကြီးတဲ့ စမတ်ဖုန်းတစ်လုံး ဒါမှမဟုတ် ကော်ဖီဖျော်စက် ကောင်းကောင်းတစ်လုံးရဲ့ ဈေးနှုန်းလောက်နဲ့ လူပုံစံစက်ရုပ်တစ်ရုပ် ပိုင်ဆိုင်နိုင်မယ့် အခွင့်အရေး ဖြစ်တယ်လို့ ဆိုပါတယ်။

ဒီ Bumi စက်ရုပ်လေးဟာ အရပ် ၃ဒသမ၁ပေရှိပြီး အလေးချိန် ၂၆ဒသမ၅ ပေါင်ပဲ ရှိပါတယ်။

သူက သေးငယ်ပြီး ပေါ့ပါးတဲ့အပြင် ပညာရေးနဲ့ အိမ်မှာအသုံးပြုဖို့အတွက် အဓိကရည်ရွယ်ထုတ်လုပ်ထားတာ ဖြစ်ပါတယ်။
ဈေးသက်သာတယ်ဆိုပေမဲ့ သူ့ရဲ့စွမ်းဆောင်ရည်က မသေးပါဘူး။

အစောပိုင်း သရုပ်ပြမှုတွေမှာ Bumi ဟာ သူ့ရဲ့ဈေးနှုန်းနဲ့မလိုက်အောင် တည်တည်ငြိမ်ငြိမ်နဲ့ လမ်းလျှောက်နိုင်တာ၊ ဟန်ချက်ထိန်းနိုင်တာ၊ နောက်ပြီး ကပြနိုင်တာကိုတောင် တွေ့ရပါတယ်။

ဒီလောက် ဈေးသက်သာရတဲ့ အဓိကအကြောင်းရင်းကတော့ သူ့ကို ပေါ့ပါးတဲ့ ပစ္စည်းတွေနဲ့ တည်ဆောက်ထားလို့ဖြစ်ပါတယ်။
ပြီးတော့ စက်မှုလုပ်ငန်းသုံး တာဝန်ကြီးတွေ လုပ်ဖို့ မဟုတ်ဘဲ လူတွေနဲ့ အပြန်အလှန် ဆက်ဆံဖို့နဲ့ လေ့လာသင်ယူမှုတွေ လုပ်နိုင်ဖို့ အာရုံစိုက်ထားတာဖြစ်ပါတယ်။

image