ရွှေဆိုင်များ၌ ရွှေဆိုင်မှတ်တမ်းစာအုပ်များထားရှိရမည်

ရွှေဆိုင်တွေအနေနဲ့ နေ့စဉ်ရွှေအရောင်းအဝယ်ဆောင်ရွက်တဲ့အခါ ရွှေဆိုင်မှတ်တမ်းစာအုပ်တွေထားရှိဖို့လမ်းညွှန်ထားတယ်လို့ ရန်ကုန်တိုင်းဒေသကြီး အဖိုးတန်သတ္တု ‌(ရွှေ) ရောင်းဝယ်သူများအသင်း ဥက္ကဋ္ဌ ဦးမျိုးမြင့်က ပြောပါတယ်။

အောက်တိုဘာ ၃၁ ရက်က ရန်ကုန်တိုင်းဒေသကြီးရွှေလုပ်ငန်းရှင်များအသင်းမှာ ပြုလုပ်တဲ့ ရန်ကုန်တိုင်း ဒေသကြီး အဖိုးတန်သတ္တု ‌(ရွှေ) ရောင်းဝယ်သူများအသင်း ပထမအကြိမ် အဖိုးတန်သတ္တုရောင်း ဝယ်သူတွေရဲ့ STRs/TTRs အရေအတွက်နဲ့ အရည်အသွေးတိုးတက်ရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေးမှာ ဥက္ကဋ္ဌ ဦးမျိုးမြင့်က အခုလိုပြောကြားခဲ့တာပါ။

ပြီးခဲ့တဲ့အောက်တိုဘာလ ၂၃ ရက်နေ့က နေပြည်တော်မှာပြုလုပ်တဲ့ ငွေကြေးခဝါချမှုနှင့်အကြမ်းဖက်မှုကို ငွေကြေး ထောက်ပံ့တိုက်ဖျက်ရေးဆိုင်ရာလုပ်ငန်းလမ်းညွှန်အစည်းအဝေးမှာ ရွှေဆိုင်မှတ်တမ်းစာအုပ်တွေထားရှိပြီး လမ်းညွှန်ထားတယ်လို့ သိရပါတယ်။

အစည်းအဝေးလမ်းညွှန်ချက်အရ ရွှေဆိုင်တွေမှာ ဆက်သွယ်ဆောင်ရွက်သူကို အလေးထားစိစစ်ခြင်း မှတ်တမ်းစာအုပ် ၊ ( Transacation Record Book) (အဖိုးတန်သတ္တု(ရွှေ) ဝယ်ယူ / ရောင်းချမှုမှတ်တမ်း) ၊ STR/TTR Record ( ငွေကြေးဆိုင်ရာစုံစမ်း ထောက်လှမ်းရေးအဖွဲ့ကို STR/TTR ပေးပို့တင်ပြမှုမှတ်တမ်း) ၊ Reporting Form STR/TTR FATF Recommendation 20 (ငွေကြေးဆိုင်ရာစုံစမ်းထောက်လှမ်းရေးအဖွဲ့ကို သတင်းပေးပို့ရမယ့်နမူနာပုံစံ) ၊ အကောင်အထည်ဖော်ဆောင်ရွက်ရေးအရာရှိခန့်အပ်မှုမှုပုံစံ နဲ့ ငွေကြေးခဝါချမှုနှင့်အကြမ်းဖက်မှုကို ငွေကြေး ထောက်ပံ့မှုတိုက်ဖျက်ရေးမူဝါဒနဲ့ လုပ်ထုံးလုပ်နည်းများ (ရွှေရောင်းဝယ်ရေးလုပ်ငန်းနှင့် အိမ်ခြံမြေအကျိုးဆောင် လုပ်ငန်း) စတဲ့ မှတ်တမ်းစာအုပ်တွေ ထားရှိရမယ်လို့ ဆိုပါတယ်။
ဒီလိုညွှန်ကြားချက်တွေကို ပြန်လည်ရှင်းလင်းတင်ပြလိုက်တဲ့အတွက် ရွှေဈေးနှုန်းတည်ငြိမ်လာနိုင်မှာဖြစ်သလို အရောင်းအဝယ်တွေမှန်မှန်ကန်ကန်ဖြစ်သွားမှာဖြစ်တယ်လို့ ရန်ကုန်တိုင်းဒေသကြီး အဖိုးတန်သတ္တု ‌(ရွှေ) ရောင်းဝယ်သူများအသင်း ဥက္ကဋ္ဌ ဦးမျိုးမြင့်ကပြောပါတယ်။

အဲဒီအပြင် ဓာတ်သတ္တု (ရွှေ) ရည်ညွှန်းဈေးသတ်မှတ်ရေးကော်မတီက ချမှတ်တဲ့ပြေစာစာအုပ်နဲ့သာ ရွှေ အရောင်း အဝယ်ပြုလုပ်ကြဖို့၊ ရွှေရည်ညွှန်းဈေးနဲ့သာ အရောင်းအဝယ်ပြုလုပ်ကြဖို့ကိုလည်း အောက်တိုဘာ ၂၄ ရက်က ပြုလုပ်တဲ့ ဓာတ်သတ္တု (ရွှေ) ရည်ညွှန်းဈေးသတ်မှတ်ရေးကော်မတီ အစည်းအဝေးမှာ လမ်းညွှန်ထားတယ်လို့ သိရပါတယ်။

image