လီဗာပူးနောက်ခံလူ ဖရင်းမ်ပေါင် ၆ ပတ်ခန့်နားရမည်

လီဗာပူးအသင်းရဲ့ ညာနောက်ခံလူ ဖရင်းမ်ပေါင်ဟာ တံကောက်ကြော ဒဏ်ရာကြောင့် ၆ ပတ်လောက်အထိ အနားယူရဖို့ ရှိနေတယ်လို့ သတင်းတွေက ဖော်ပြကြပါတယ်။ ဒီသတင်းက ပြိုင်ပွဲစုံ နောက်ဆုံး ၇ ပွဲမှာ ၆ ပွဲအထိ ရှုံးနိမ့်ထားလို့ ဖိအားတွေနဲ့ ရင်ဆိုင်နေရတဲ့ လီဗာပူးအသင်းအတွက် စိတ်ပျက်စရာသတင်းဖြစ်ခဲ့ပါတယ်။

နယ်သာလန်လက်ရွေးစင် ဖရင်းမ်ပေါင်ဟာ အခုနွေရာသီမှာ လေဗာကူဆင်အသင်းကနေ လီဗာပူးအသင်းကို ရောက်လာခဲ့တာဖြစ်ပြီး အသင်းသစ်မှာ အထိုင်ကျဖို့အတွက် အချိန်ယူနေရတာဖြစ်ပါတယ်။ ဖရင်းမ်ပေါင်ဟာ ဖရန့်ဖတ်အသင်းကို အနိုင်ရတဲ့ပွဲမှာ ပွဲထွက်စာရင်း ပါဝင်လာခဲ့ပေမယ့် ၁၉ မိနစ်မှာပဲ ဒဏ်ရာရခဲ့လို့ ဘရက်ဒလေ နဲ့ လူစားလဲခံလိုက်ရတာဖြစ်ပါတယ်။

အစောပိုင်းက ဖရင်းမ်ပေါင်ရဲ့ ဒဏ်ရာက မပြင်းထန်တာကြောင့် မကြာခင် မှာပဲ ပြန်ကစားနိုင်မှာဖြစ်တယ်လို့ လီဗာပူးအသင်းမျှော်လင့်ထားခဲ့ပေမယ့် နောက်ဆုံး ဆေးစစ်ချက်တွေအရ ၆ ပတ်လောက်အထိ အနားယူရဖို့ ရှိနေတာဖြစ်ပါတယ်။ ဖရင်းမ်ပေါင်က လက်ရှိမှာ ပြန်ကစားနိုင်ဖို့အတွက် အဆင်သင့်မဖြစ်သေးဘူးလို့ ပြီးခဲ့တဲ့တစ်ပတ်က ဘရန့်ဖို့ဒ်အသင်းကို ရှုံးတဲ့ပွဲအပြီးမှာ နည်းပြ စလော့က ပြောထား ခဲ့ဖူးတာဖြစ်ပါတယ်။ လီဗာပူးအသင်းဟာ ပဲလေ့စ်အသင်းကို ရှုံးတဲ့ပွဲမှာ အသက် ၂၂ နှစ်အရွယ် ရမ်ဆေးကို ပွဲထွက် စာရင်းမှာ အသုံးပြုခဲ့ရပါတယ်။

image