အမေရိကန်တွင် တစ်နှစ်လျှင် ဒုက္ခသည် ၇,၅၀၀ သာလက်ခံမည်ဟု ထရမ့်ပြော

လာမဲ့နှစ်ကစလို့ အမေရိကန်မှာ တစ်နှစ်ကို ဒုက္ခသည် ၇,၅၀၀ ပဲ လက်ခံတော့မယ်လို့ သမ္မတ ဒေါ်နယ်ထရမ့်က တရားဝင် ပြောကြားခဲ့တာကို Reuters မှာ ဖော်ပြထားပါတယ်။

ဒါဟာ အရင်သမ္မတဟောင်း ဂျိုးဘိုင်ဒန် လက်ထက်က နှစ်စဉ် နိုင်ငံတကာ ဒုက္ခသည် ၁၂၅,၀၀၀ လက်ခံခဲ့တဲ့ အရေအတွက်နဲ့ ယှဉ်ရင် သိသိသာသာ လျှော့ချလိုက်တာလည်းဖြစ်ပါတယ်။

ပြီးတော့ ဒုက္ခသည် လက်ခံမှုတွေမှာ တောင်အာဖရိကနိုင်ငံသား လူဖြူတွေကို အဓိကဦးစားပေးဖို့လည်း ထရမ့်က ညွှန်ကြားထားပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာ ၃၀ ရက်နေ့က ထုတ်ပြန်ခဲ့တဲ့ လမ်းညွှန်အကြောင်းကြားချက်မှာ အဲဒီ အချက်တွေကို ထည့်သွင်း ဖော်ပြထားခဲ့တာ ဖြစ်ပါတယ်။

ဒုက္ခသည် လက်ခံမှု အရေအတွက် အများအပြား လျှော့ချခဲ့တဲ့ အကြောင်းရင်းကိုတော့ အဲဒီ လမ်းညွှန်ချက်ထဲမှာ ဖော်ပြမထားခဲ့ပါဘူး။

ဒါပေမဲ့ အဲဒီ လမ်းညွှန်ချက် အသစ်ဟာ လူသားချင်း စာနာမှုဆိုင်ရာ စိုးရိမ်တဲ့ ရှုထောင့်တွေရော၊ နိုင်ငံရဲ့ အမျိုးသား အကျိုးစီးပွား ကဏ္ဍကိုပါ အခြေခံ စဉ်းစားထားတာလို့ ဆိုပါတယ်။

ထရမ့်ဟာ သမ္မတဖြစ်လာပြီး မကြာခင်မှာပဲ ဇန်နဝါရီလတုန်းက အမေရိကန်ရဲ့ ဒုက္ခသည်ဝင်ခွင့်အစီအမံ (USRAP)ကို ဆိုင်းငံ့ဖို့ အမိန့်ထုတ်ခဲ့ပါတယ်။

ဒုက္ခသည် လက်ခံဖို့ ရွေးချယ်မှုတွေမှာ အမျိုးသား လုံခြုံရေး၊ ပြည်သူ့လုံခြုံရေး ခေါင်းစဉ်တွေအောက်ကနေ အာဏာပိုင်တွေက ခြယ်လှယ်ခွင့် ပိုပြီးရရှိလာစေခဲ့ပါတယ်။

အခုသတ်မှတ် အရေအတွက် အသစ်ဟာ အမေရိကန်မှာတော့ နှစ်စဉ်ဒုက္ခသည်လက်ခံမှု အနိမ့်ဆုံးခွဲတမ်း ဖြစ်လာမှာပါ။
အရင်က အရေအတွက်အနည်းဆုံး စံချိန်ဟောင်းကတော့ ထရမ့်ရဲ့ ပထမအကြိမ် သမ္မတသက်တမ်းအတွင်း ၂၀၂၀ ပြည့်နှစ်ကဖြစ်ပြီး ဒုက္ခသည် ၁၅,၀၀၀ ကိုသာ လက်ခံခဲ့ပါတယ်။

ညွှန်ကြားချက်အသစ်မှာတော့ တောင်အာဖရိကမှာရှိနေတဲ့ လူဖြူတွေ အပါအဝင် ဇာတိနိုင်ငံအသီးသီးမှာ တရားမဝင်ဖိနှိပ်မှု၊ ခွဲခြားဆက်ဆံမှုတွေ ကြုံတွေ့နေသူတွေကို ဦးစားပေးရမယ်လို့ ဖော်ပြထားပါတယ်။

image