7 ပတ် - ဘာသာပြန်ပါ။

ယခုရက်ပိုင်း ကြက်ခြေနီအသင်းဥက္ကဋ္ဌနဲ့ အုပ်ချုပ်ရေးအဖွဲ့ဝင်အပါအဝင် လူခုနှစ်ယောက် ပစ်ခတ်ခံရပြီး ငါးယောက်သေ၊ နှစ်ယောက်ဒဏ်ရာရ

ယခုရက်ပိုင်း အတွင်းမှာ မန္တလေး ၊ တနင်္သာရီ တိုင်း ၊ မွန်ပြည်နယ် ၊ ရှမ်းပြည်နယ် နဲ့ မကွေးတိုင်းမှာ အုပ်ချုပ်ရေးအဖွဲ့ဝင်တွေ အပါအဝင် လူခုနှစ်ယောက် သေနတ်နဲ့ ပစ်ခတ်ခံခဲ့ရပြီး ငါးယောက်​သေဆုံးကာ နှစ်ယောက်ထိခိုက် ဒဏ်ရာရရှိခဲ့မှု ဖြစ်ပွားခဲ့ တယ်လို့သိရပါတယ်။

အောက်တိုဘာ ၂၈ ရက်နေ့မှ ၃၁ ရက်နေ့အထိ VOM မှ လက်လှမ်းမီသလောက် ရရှိခဲ့တဲ့ သတင်းအချက်အလက်တွေ အရသိရှိရတာဖြစ်ပါတယ်။

ဖြစ်စဥ်အနေနဲ့ ဒီကနေ့ အောက်တိုဘာ ၃၁ ရက်နေ့ မနက်ပိုင်းမှာ တနင်္သာရီတိုင်း ၊ ထားဝယ်ခရိုင် ကြက်ခြေနီအသင်း ဥက္ကဋ္ဌ ဦးကျော်ကျော်ဦး ဆိုသူကို သူရဲ့ နေအိမ်အနီးမှာ လက်နက်ကိုင်ထားသူတွေက သေနတ်နဲ့လာရောက် ပစ်ခတ်ခဲ့တဲ့အတွက် လက်ရှိမှာ ဆေးကုသမှုခံယူနေရတယ်လို့သိရပါတယ်။

" သေနတ်နဲ့ပစ်ခံရပြီး အရေးပေါ်ကုသနေရတယ်လို့သိရတယ်။ ဒဏ်ရာအခြေအနေ ဘာညာတော့မသိရသေးဘူး။ သူက လူမှုရေးလုပ်ငန်းတွေလည်း လုပ်တဲ့သူပါ။ ဘယ်လိုကြောင့် ပစ်ခတ်ခံရသလဲဆိုတာ မသိပါဘူး။ပစ်တဲ့သူတွေလည်း မမိဘူး။ " လို့ ထားဝယ်မြို့ခံက ပြောပါတယ် ။

အောက်တိုဘာ ၃၀ ရက်နေ့မှာက
မန္တလေးတိုင်း၊ မလှိုင်မြို့နယ်က ပုန်းမကြည် ဆည်မှာစောင့်တဲ့ ဆည်အစောင့် နေ့စားဝန်ထမ်းဖြစ်သူ ဦးအုန်းလွင်ကို လက်နက်ကိုင်အဖွဲ့က ဝန်ထမ်းအိမ်ရာ လိုင်းခန်းအတွင်းထဲထိ ဝင်ရောက်သတ်ဖြတ်မှု ဖြစ်ပွားခဲ့ပါတယ်။

မွန်ပြည်နယ်မှာလည်း အောက်တို ၃၀ ရက်နေ့က သံဖြူဇရပ်မြို့နယ်၊ အနင်းကျေးရွာမှာနေထိုင်တဲ့ ဦးစန်းအောင် ဆိုသူမှာ သေနတ်နဲ့ ပစ်သတ်ခံရပြီး သေဆုံးမှုရှိခဲ့တယ်လို့သိရပါတယ်။

အောက်တိုဘာ ၂၉ ရက်နေ့မှာက မကွေးတိုင်း ကံမမြို့နယ် ၊ ကျီးမီးကျေးရွာရဲ့ အမျိုးသမီးအုပ်ချုပ်ရေးမှူးဖြစ်သူ ဒေါ်သင်းသင်းနွယ်ကို လက်နက်ကိုင်အဖွဲ့တခုက ဖမ်းဆီးခေါ်ဆောင်သွားပြီးနောက် ကျီးမီးကျေးရွာ တောင်ဘက်ရှိ ရေနံ့သာ - ကျီးမီး - ကျောက်ပဒေါင်း ကျေးရွာသွား ကားလမ်းဘေးမှာ သေနတ်နဲ့ပစ်သတ်သွားခဲ့တယ်လို့သိရပါတယ်။

ရှမ်းပြည်နယ်မှာတော့ အောက်တိုဘာ ၂၈ ရက်နေ့က ရွာငံမြို့နယ် ၊ ကျောက်ပိဇပ်ကျေးရွာမှ ရာအိမ်မှူး ဖြစ်သူ ဦးတင့်ဝေ နဲ့ ဒေသခံ ဦးဇင်ကို ဆိုသူတို့ကို သူတို့ရဲ့ နေအိမ်အသီးသီးမှာပဲ လက်နက်ကိုင်အဖွဲ့က လာရောက်သတ်ဖြတ်မှု ဖြစ်ပွားခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

အလားတူ အဲဒီနေ့ကပဲ ပင်းတယမြို့နယ်၊ အိုးကုန်းကျေးရွာအနီးမှာ ကားမောင်းလာတဲ့အမျိုးသားတယောက်ကို လက်နက်ကိုင်တစုက သေနတ်နဲ့ လိုက်လံ ပစ်ခတ်ခဲ့တာကြောင့် ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါတယ်။

အောက်တိုဘာ ၂၈ ရက်နေ့မှာလည်း စစ်ကိုင်းတိုင်း ၊ စစ်ကိုင်းမြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ အငယ်တန်းစာရေးဖြစ်သူ ဦးကျော်ရဲလွင် ဆိုသူကို လက်နက်ကိုင်အဖွဲ့တခုက ဖမ်းဆီးသွားတယ်လို့သိရပါတယ်။

image