အင်ဒရူးရဲ့ တော်ဝင်မင်းသားဘွဲ့ ချားလ်ဘုရင် ရုပ်သိမ်းလိုက်ပြီး အိမ်တော်ကနေဆင်းဖို့ကိုလည်း ညွှန်ကြား

ဗြိတိန် ချားလ်စ်ဘူရင်က ညီတော်ဖြစ်သူ မင်းသားကြီး အင်ဒရူးရဲ့ တော်ဝင်မင်းသားဘွဲ့ကို ရုပ်သိမ်းလိုက်ပြီး လက်ရှိနေထိုင်နေတဲ့ အိမ်တော်ကလည်း ရွှေ့ပြောင်းခိုင်းလိုက်တယ်လို့ ဘက်ကင်ဟမ်နန်းတော်က ထုတ်ပြန်ကြေညာလိုက်ပါတယ်။

လိင်ပိုင်းဆိုင်ရာ စွပ်စွဲချက်တွေနဲ့ တရားရင်ဆိုင်ပြီး ထောင်ထဲမှာ သေဆုံးသွားတဲ့ အမေရိကန်နိုင်ငံသား ဂျက်ဖရီအပ်စတိုင်းအမှုမှာ မင်းသားကြီးအင်ဒရူးဟာလည်း အရွယ်မရောက်သေးသူတွေကို လိင်ပိုင်းဆိုင်ရာ ကျူးလွန်ခဲ့တယ်လိုတဲ့ စွပ်စွဲချက်တွေက ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်ခဲ့ပါတယ်။

ဘက်ကင်ဟမ်နန်းတော်ရဲ့ ထုတ်ပြန်ချက်မှာတော့ အင်ဒရူးရဲ့ မင်းသားဘွဲကို ရုပ်သိမ်းလိုက်ပြီး သူ့ကို အင်ဒရူးမောင့်ဘက်တန်ဝင်ဆာအဖြစ်သာ ခေါ်ဝေါ်သုံးစွဲရတော့မှာဖြစ်ပါတယ်။ အသက် ၆၅ နှစ်အရွယ် မင်းသားကြီးအင်ဒရူးကတော့ ဒီကိစ္စတွေကြောင့် ယောက်မြို့စားအပါအဝင် တော်ဝင်ဘွဲ့အချို့ကို ယခုလအစောပိုင်းမှာ စွန့်လွှတ်ကြောင်း ကြေညာခဲ့ပါတယ်။

လက်ရှိမှာတော့ မင်းသားအင်ဒရူးရဲ့ အဆောင်အယောင်တွေ၊ ဘွဲ့တွေနဲ့ ဂုဏ်ထူးဆောင်တွေကို ဖယ်ရှားဖို့ တရားဝင်လုပ်ငန်းစဉ်တခုကို စတင်နေပြီလို့ ကြေညာခဲ့ပြီး ဝင်ဆာအိမ်တော်မှာ နေထိုင်ခွင့်ကိုလည်း စွန့်လွှတ်ဖို့ တရားဝင် အကြောင်းကြားစာ ပေးပို့ထားတယ်လို့ ဆိုပါတယ်။

သူ့ကို ပုဂ္ဂလိက နေအိမ်တခုကို ပြောင်းရွှေ့စေမယ်လို့ ပြောပါတယ်။ သူ့အပေါ် စွပ်စွဲချက်တွေကို ငြင်းဆိုနေပေမယ့် ဒီကိစ္စနဲ့ပတ်သက်ပြီး အရေးယူမှုတခု လုပ်ဆောင်ဖို့လိုအပ်ပြီး ကျူးလွန်ခံရသူတွေနဲ့ အတူရပ်တည်ကြောင်း နန်းတော်ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အင်ဒရူးရဲ့ အရွယ်ရောက်ပြီးသား သမီးနှစ်ယောက်ဖြစ်တဲ့ ယူဂျီနီနဲ့ ဘီထရစ်တို့ကတော့ သူတို့ရဲ့ မင်းသမီးဘွဲတွေ ဆက်လက်တည်ရှိနေမှာဖြစ်ပြီး အင်ဒရူးဟာ ရှစ်ယောက်မြောက် ဗြိတိန်ထီးနန်းဆက်ခံမယ့်သူအဖြစ်တော့ ဆက်ရှိနေမှာဖြစ်ပါတယ်။

အင်ဒရူးရဲ့ မင်းသားဘွဲ့ရုပ်သိမ်းမှုနဲ့ပတ်သက်ပြီး ဗြိတိန်အစိုးရကို ဘက်ကင်ဟမ်နန်းတော်က တိုင်ပင်ဆွေးနွေးခဲ့ပြီး အစိုးရကလည်း ထောက်ခံခဲ့ပုံရပါတယ်။ ဒါဟာ လိင်ပိုင်းဆိုင်ရာ စော်ကားကျူးလွန်မှုတွေအတွက် အလွန်အစွမ်းထက်တဲ့ သတင်းစကားဖြစ်ပြီး ဘုရင်အတွက်လည်း ကြီးမားတဲ့ ခြေလှမ်းတရပ်ဖြစ်ကာ ဒီကိစ္စကို ထောက်ခံတယ်လို့ ဗြိတိန်ယဉ်ကျေးမှုဝန်ကြီး လီဆာနန်ဒီက ပြောပါတယ်။

image