မက်ဆီကို ခေါ်ယူဖို့ အခွင့်အရေးရခဲ့ပေမဲ့ ငြင်းပယ်ခဲ့ကြောင်း ဆော်ဒီအားကစားအကယ်ဒမီ အမှုဆောင်ချုပ် ဆို
ဆော်ဒီအားကစားအကယ်ဒမီရဲ့ အမှုဆောင်ချုပ်ဖြစ်သူ အက်ဘ်ဒူလာဟမ်းမက်က အာဂျင်တီးနားတိုက်စစ်မှူး မက်ဆီကို ကာလတိုခေါ်ယူဖို့ အခွင့်အရေးရခဲ့ပေမဲ့ ငြင်းပယ်ခဲ့ကြောင်း ပြောကြားခဲ့ပါတယ်။
အင်တာမိုင်ယာမီအသင်းက ဒီဇင်ဘာလအစောပိုင်းမှာ ရာသီအဆုံးသတ်မှာဖြစ်ပြီး ၂၀၂၆ ဖေဖော်ဝါရီမှ ရာသီသစ်ပြန်စမှာဖြစ်တာကြောင့် ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲမတိုင်ခင် ပွဲမပြတ်အောင် မက်ဆီက ဆော်ဒီလိဂ်မှာ ကာလတိုပြောင်းရွှေ့ကစားဖို့ စီစဉ်ခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။
ဒီအတွက် ပြီးခဲ့တဲ့ ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲကာလအတွင်း မက်ဆီရဲ့ အေးဂျင့်တွေက ဆော်ဒီမှာ ပြောင်းရွှေ့ကစားဖို့ ဆက်သွယ်ကမ်းလှမ်းခဲ့ခြင်းဖြစ်ကြောင်း ဟမ်းမက်က ပြောကြားခဲ့ပါတယ်။
''ပြီးခဲ့တဲ့ ကလပ်ကမ္ဘာ့ဖလားကာလအတွင်းမှာ မက်ဆီရဲ့အဖွဲ့က ကျွန်တော့်ဆီ ဆက်သွယ်ပြီး ဆော်ဒီမှာကစားဖို့ ကမ်းလှမ်းခဲ့ပါတယ်။ ဘာကြောင့်လဲဆိုတော့ မေဂျာလိဂ်က (၄)လနီးပါး ရပ်နားထားမှာဖြစ်ပြီး မက်ဆီက ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် ခြေစွမ်းကို ထိန်းထားချင်တာကြောင့်ပါ။ ဒါပေမဲ့ ကျွန်တော်တို့ရဲ့ အားကစားဝန်ကြီးက ငြင်းပယ်ခဲ့ပါတယ်။ အကြောင်းကတော့ ဆော်ဒီလိဂ်က တခြားပြိုင်ပွဲတွေအတွက် ပြင်ဆင်ဖို့ ပလက်ဖောင်းတစ်ခု မဟုတ်တာကြောင့်ပါပဲ။ ဒါ အမှန်တရားပါ'' လို့ ဟမ်းမက်က ပြောကြားခဲ့ပါတယ်။
ကမ္ဘာ့အကောင်းဆုံးကစားသမားတစ်ဦးဖြစ်တဲ့ စီရော်နယ်လ်ဒိုကို ပိုင်ဆိုင်ထားတဲ့ ဆော်ဒီလိဂ်ဟာ မက်ဆီကိုလည်း ခေါ်ယူဖို့ ကြိုးပမ်းခဲ့ဖူးပေမဲ့ ကာလတိုသာ ပိုင်ဆိုင်နိုင်မယ့် အခွင့်အရေးဖြစ်တာကြောင့် ငြင်းပယ်ခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။