အင်ဒိုးနီးယားမှာ အခမဲ့အစားအသောက်အစီအစဉ်ကြောင့် ကျောင်းသား ၇၀၀ နီးပါး အစာအဆိပ်သင့်ပြန်

အင်ဒိုနီးရှားနိုင်ငံ ယော့ယာကာတာပြည်နယ်မှာ .ယခုသီတင်းပတ်အတွင်း ကလေး ၇၀၀ နီးပါး အစာအဆိပ်သင့်မှုနဲ့ပတ်သက်ပြီး တာဝန်ရှိသူတွေက စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်နေပါတယ်။

ဒါဟာ သမ္မတ ပရာဘိုဝို ဆူဘီယန်တိုရဲ့ စာသင်ကျောင်းတွေမှာ အခမဲ့အစားအစာအစီအစဉ်အောက်မှာ ပြင်ဆင်ကျွေးမွေးတဲ့ အစားအစာတွေကို ကျောင်းသားတွေက စားသုံးပြီးနောက် အစာအဆိပ်သင့်မှု နောက်ဆုံးဖြစ်စဉ်လည်း ဖြစ်ပါတယ်။

ဇန်နဝါရီလမှာ စတင်ခဲ့တဲ့ အဲဒီအစီအစဉ်ဟာ ပရာဘိုဝိုရဲ့ ရွေးကောက်ပွဲမဲဆွယ်စည်းရုံးရေး အဓိက ကတိကဝတ်တခုဖြစ်ပေမယ့်လည်း အောက်တိုဘာ ၂၉ ရက်နေ့အထိ ကလေး ၁၅၀၀၀ ခန့် အစာအဆိပ်သင့်ကြောင်း အစိုးရမဟုတ်သောအဖွဲ့အစည်းတခုဖြစ်တဲ့ JPPI ရဲ့ အချက်အလက်တွေမှာ ဖော်ပြထားပါတယ်။

JPPI ကတော့ ဒီအစီအစဉ်ကို ရပ်ဆိုင်းဖို့ တောင်းဆိုထားပါတယ်။ အစားအစာတွေကို မသင့်လျော်စွာ သိုလှောင်ခြင်းနဲ့ ချက်ပြုတ်ထားတဲ့ အစားအစာတွေကို နောက်ကျပို့ဆောင်တာတွေကြောင့် အဆိပ်သင့်မှု ဖြစ်ပွားရတာလို့ အာဏာပိုင်တွေက ပြောပါတယ်။

ယော့ယာကာတာရှိ ကျောင်းနှစ်ကျောင်းမှာပင် ကျောင်းသား ၆၆၀ ကျော် အခမဲ့ကျောင်းအစားအစာတွေကို စားသုံးပြီးနောက် အဆိပ်သင့်မှုကြောင့် ဖျားနာခဲ့ကြောင်း ဒေသဆိုင်ရာအကြီးအကဲ ကပြောပါတယ်။ ဖြစ်ရပ်တွေကို စုံစမ်းစစ်ဆေးနေပြီး အနီးနားရှိ မီးဖိုချောင်တွေကို ယာယီပိတ်ထားကြောင်းဆိုပါတယ်။

ကျယ်ပြန့်တဲ့ ကျွန်းစုတလျှောက်မှာ ဒီအစဉ်အစဉ်အတွက် မီးဖိုချောင် ၁၁၀၀၀ ရှိပါတယ်။ အစိုးရဟာ ယခုနှစ်အစီအစဉ်အတွက် အမေရိကန်ဒေါ်လာ ၁၀.၃ ဘီလီယံ အသုံးပြုဖို့ လျာထားပါတယ်။

image