အတုယူမှားရင် အန္တရာယ်ရှိနိုင်တဲ့ Haaland ရဲ့ Social Post 
 
မန်ချက်စတာစီးတီးအသင်းမှ Erling Haaland ဟာ လေ့ကျင့်ခန်းလုပ်ပြီးတိုင်း အပူမပေးထားတဲ့ နို့ (raw milk) ကို သောက်သုံးလေ့ရှိကြောင်း တွေ့ရှိရပါတယ်။ 
 
သူက ဒီနို့ကို "စူပါအစားအစာ" လို့ခေါ်ပြီး အစာအိမ်၊ အရေပြား၊ အရိုးနဲ့ ကြွက်သားတွေအတွက် ကောင်းတယ် လို့ ပြောပါတယ်။ ငယ်စဉ်ကတည်းက သောက်သုံးခဲ့တာလို့လည်း ဆိုပါတယ်။ 
 
ဒီလို နို့စိမ်းသောက်သုံးမှုက အငြင်းပွားစရာ ဖြစ်နေပါတယ်။ ဘာကြောင့်လဲဆိုတော့  နို့စိမ်းဟာ အပူပေးပိုးသတ်ခြင်း မလုပ်ထားတဲ့အတွက် အန္တရာယ်ရှိတဲ့ ဘက်တီးရီးယားတွေ ပါဝင်နေနိုင်ပါတယ်။ 
 
Food Standards Agency က နို့စိမ်းဟာ အစားအဆိပ်သင့်မှု ကို ဖြစ်စေနိုင်ပြီး ကလေးများ၊ ကိုယ်ဝန်ဆောင် အမျိုးသမီးများနဲ့ ကိုယ်ခံအားနည်းသူများ မသောက်သုံးသင့်ဘူးလို့ သတိပေးထားပါတယ်။ကျွမ်းကျင်သူတွေက ကျန်းမာရေးအတွက် အကျိုးကျေးဇူးရှိတယ် ဆိုတဲ့ ခိုင်မာတဲ့ အထောက်အထား နည်းပါးတယ် လို့ ပြောပါတယ်။ 
 
Haaland သောက်တာက အရည်အသွေးမြင့်ပြီးတင်းကျပ်စွာ ထိန်းချုပ်ထားတဲ့ နို့ဖြစ်နိုင်ပေမဲ့၊ ပရိသတ်တွေက သူ့ကို အတုယူပြီး ဈေးသက်သာတဲ့၊ အန္တရာယ်ရှိနိုင်တဲ့ နို့စိမ်းတွေကို ဝယ်သောက်မိမှာကို စိုးရိမ်ပူပန်မှုတွေလည်း ရှိနေပါတယ်။