တောင်ကိုရီးယားက ထရမ့်ပ်ကို ရွှေသရဖူ ပုံတူပွါးချီးမြှင့်
တောင်ကိုရီးယားအစိုးရသည် ဗုဒ္ဓဟူးနေ့တွင် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်ကို ရွှေသရဖူ ပုံတူပွါးဖြင့် ကြိုဆိုခဲ့ပြီး နိုင်ငံ၏အဆင့် အမြင့်ဆုံး မွန်ဂွန်းဟွာဆုတံဆိပ်ကို ချီးမြှင့်ခဲ့ကြောင်း သမ္မတရုံးက ပြောကြားခဲ့သည်။
ထရမ့်ပ်သည် မလေးရှားနှင့် ဂျပန်နိုင်ငံများကိုလည်း သွားရောက်ခဲ့သော အာရှခရီးစဉ်၏ နောက်ဆုံးခရီးအဖြစ် တောင်ကိုရီးယားနိုင်ငံကို ရောက်ရှိလာခဲ့ပြီး တောင်ကိုရီးယားသမ္မတ လီဂျေးမြောင်၊ တရုတ်သမ္မတ ရှီကျင့်ဖျင်တို့နှင့် အရေးပါသော ကုန်သွယ်ရေးဆွေးနွေးမှုများလုပ်သွားရန် မျှော်လင့်ထားသည်။
အမေရိကနှင့် တောင်ကိုရီးယားစစ်လေယာဉ်များက အဲရ်ဖို့ဝမ်းကို လေဆိပ်အဝင်တွင်လိုက်ပါခြံရံပေးခဲ့ပြီး လေဆိပ်တွင် တောင်ကိုရီးယားစစ်တီးဝိုင်းက ထရမ့်ပ်ကို YMCA တီးလုံးဖြင့် တီးခတ်ကြိုဆိုကာ သေနတ်ပ-စ်ဖောက်ဂုဏ်ပြုခဲ့သည်။
တောင်ကိုရီးယားအပေါ် အမေရိက၏ အခွန်သတ်မှတ်ချက် လျှော့ချရန် ရည်ရွယ်သော ညှိနှိုင်းဆွေးနွေးမှုများတွင် ထရမ့်ပ်ထံမှ လိုက်လျောမှုများရရှိရန် လီက မျှော်လင့်ထားပြီး မြောက်ကိုရီးယားအပေါ် ၎င်း၏ ချဉ်းကပ်ပုံကို ချီးကျူးခြင်းဖြင့် အမေရိကန်သမ္မတကို ဆွဲဆောင်ခဲ့သည်။
ကိုရီးယားကျွန်းဆွယ်အရေးတွင် ထရမ့်ပ်၏ အခန်းကဏ္ဍကို ငြိမ်းချမ်းရေးဖော်ဆောင်သူအဖြစ် အသိအမှတ်ပြုသောအားဖြင့် အင်္ဂလိပ်ဘာသာဖြင့် ရှရွန်၏နှင်းဆီဟုသိကြသော တောင်ကိုရီးယား၏ အမျိုးသားအမှတ်တံဆိပ်ပန်းအမည်ကို အစွဲပြုထားသည့် မွန်ဂွန်းဟွာ ဆုတံဆိပ်ကို ချီးမြှင့်ခဲ့ကြောင်း လီ၏ရုံးက ပြောကြားခဲ့သည်။
"ငါအခုပဲ ဆောင်းကြည့်ချင်ပါတယ်" ဟု သရဖူ ချီးမြှင့်ခံရချိန်တွင် ထရမ့်ပ်က ပြောကြားခဲ့သည်။ ထရမ့်ပ်သည် အဆိုပါ ဂုဏ်ပြုဆုတံဆိပ်ချီးမြှင့်ခံရသော ပထမဆုံး အမေရိကန်သမ္မတဖြစ်ကြောင်း တောင်ကိုရီးယားအရာရှိတစ်ဦးက ပြောကြားခဲ့သည်။