ရှမ်းအရှေ့ပိုင်း မြေရှားနဲ့ ရွှေလုပ်ကွက်တွေကြောင့် လူဦးရေ သန်းနဲ့ချီ ထိခိုက်နိုင်ကြောင်း ရှမ်းလူ့အခွင့်အရေးအဖွဲ့ သတိပေး
ရှမ်းပြည်အရှေ့ပိုင်း၊ မိုင်းဆတ်မြို့နယ်တောင်ပိုင်း၊ မိုင်းယွန်းဒေသ နမ့်ခုတ်မြစ် တလျှောက်မှာ မြေရှားသတ္တုလုပ်ကွက်တွေနဲ့ ရွှေလုပ်ကွက်တွေ ကြောင့် လူဦးရေ သန်းနဲ့ချီ ထိခိုက်နိုင်တယ်လို့ ထိုင်းနိုင်ငံအခြေစိုက် ရှမ်းလူ့အခွင့်အရေးအဖွဲ့က အောက်တိုဘာ ၂၈ ရက်နေ့မှာ သတိပေးထုတ်ပြန်ပါတယ်။
မေလ ၁၅ ရက်နောက်ပိုင်းကစပြီး နမ့်ခုတ်မြစ်အရှေ့ဘက်နဲ့ အနောက်ဘက် တောင်စောင်း ဒေသတွေမှာ မြေရှားသတ္တုတူးဖော်ရေးလုပ်ငန်းတွေ ပိုမိုကြီးထွားလာနေတာကို ဂြိုလ်တုဓာတ်ပုံတွေကနေ တဆင့် တွေ့ရှိရတယ်လို့ ဖော်ပြထားပါတယ်။
“သတ္တုတူးဖော်သူတွေဟာ တောင်စောင်းတွေထဲ ဓာတုပစ္စည်း ပမာဏအများအပြား ထိုးသွင်းရတဲ့ သဘာဝပတ်ဝန်းကျင်ကို ပျက်စီးစေသော in-situ leaching နည်းလမ်းကို အသုံးပြုနေကြတယ်” လို့ ရှမ်းလူ့အခွင့်အရေးအဖွဲ့ က မှတ်တမ်းပုံတွေနဲ့အတူ ဖော်ပြထားပါတယ်။
အခုနှစ် မေလမှာ စတင်တည်ဆောက်ခဲ့တဲ့ သတ္တုစစ်ကန်တွေဟာ အခုလ (အောက် တိုဘာ) ၁၄ ရက်နေ့ မှာ အပြီးသတ်ထားပြီး အမိုးအုပ်ထားတာတွေ တွေ့ရတယ်လို့လည်း ဓာတ်ပုံမှတ်တမ်းတွေနဲ့ ဖော်ပြပါတယ်။
ဇန်နဝါရီလကစတင်ခဲ့တဲ့ နမ့်ခုတ်မြစ်အရှေ့ဘက်ခြမ်း လုပ်ငန်းတွေဟာ ပုံမှန်လည် ပတ်နေပြီး အရှေ့မြောက်ဘက်မှာ အဆောက်အအုံအသစ်တွေ ထပ်တိုးတည်ဆောက် လာနေတယ်လို့လည်း ဆိုထားပါတယ်။
မိုင်းဆတ်မြို့နယ်အရှေ့ပိုင်း မိုင်းယွန်းဒေသကို “ဝ” ပြည် သွေးစည်းညီညွတ်ရေး တပ်မတော် (UWSA) နဲ့ မြန်မာအစိုးရတို့က ပူးတွဲထိန်းချုပ်ထားတာပါ။
သတ္တုတွင်းတွေ လည်ပတ်နိုင်ဖို့အတွက် အဖွဲ့အစည်း နှစ်ခုစလုံးထံကနေ ခွင့်ပြုချက်ယူဖို့ လိုအပ်တယ်လို့ ရှမ်းလူ့အခွင့်အရေးအဖွဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
နမ့်ခုတ်မြစ်တလျှောက် မြေရှားနှင့် ရွှေတူးဖော်ရေးလုပ်ငန်း နှစ်မျိုးလုံးကို China Investment Mining Company က လုပ်ကိုင်နေတာပါ။
အဲဒီကုမ္ပဏီဟာ လာအိုနိုင်ငံမြောက်ပိုင်းမှာ လည်း မြေရှားသတ္တုတူးဖော်ရေး လုပ်ငန်း တွေ လုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။
ထိုင်းအာဏာပိုင်တွေ အနေနဲ့ အခုနှစ် ဧပြီလကစပြီး နမ့်ခုတ်မြစ် (Kok River) ရေကို နှစ်ပတ်တစ်ကြိမ် စစ်ဆေးရာမှာ စိန် (Arsenic) နဲ့ ခဲ (Lead) ဓာတ် ပမာဏများဟာ ဘေးကင်းလုံခြုံရေး စံနှုန်းထက် ကျော်လွန်နေတာ တွေ့ရှိခဲ့တယ်လို့ ဖော်ပြထားပါတယ်။
နမ့်ခုတ်မြစ်ဟာ ထိုင်းနိုင်ငံအတွင်း စီးဝင်တာကြောင့် ရွှေနဲ့ မြေရှားသတ္တုလုပ်ငန်းတွေက စွန့်ပစ်ရေဆိုးတွေကြောင့် ထိုင်း–မြန်မာနယ်စပ် မြစ်ဘေးဒေသက နေထိုင်သူတွေအပေါ် သက်ရောက်မှု ကြီးမားနိုင်တယ်လို့ ရှမ်းလူ့အခွင့်အရေးအဖွဲ့က သတိပေးပါတယ်။
ထိုင်းနိုင်ငံ ချင်းမိုင်နဲ့ ချင်းရိုင်ခရိုင်အတွင်း ကုတ်မြစ်တလျှောက် နေထိုင်သူ ထိုင်းနိုင်ငံသား တစ်သန်းကျော်နှင့် မဲခေါင်မြစ်ကြောင်း ရေစုန်ပိုင်းတလျှောက် နေထိုင်သူများပါ ထိခိုက် နိုင် တယ်လို့ ရှမ်းလူ့အခွင့်အရေးအဖွဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။