7 ရက် - ဘာသာပြန်ပါ။

မိုးကုတ်နဲ့ မိုးမိတ်မြို့နယ် ကနေ TNLA ပြန်လည်ဆုတ်ခွာမှုအပေါ် ဒေသခံတွေရဲ့ အမြင်

အစိုးရ စစ်တပ်နဲ့ TNLA အပစ်အခတ်ရပ်စဲရေး လက်မှတ်ထိုးပြီး မိုးကုတ်နဲ့ မိုးမိတ်မြို့နယ် ကနေ TNLA ပြန်လည်ဆုတ်ခွာတာဟာ ဒေသခံတွေအတွက် ကောင်းတယ်လို့ ယူဆကြောင်း ဒေသခံတွေက ပြောပါတယ်။

"ဒေသခံ ပြည်သူတွေ အတွက်တော့ ကောင်းသွားတာပေါ့။ ပြည်သူတွေလည်း လေကြောင်းအန္တရာယ် ​ေကြာင့် စိတ်ပင်ပန်းတယ်" လို့ ဒေသခံ အမျိုးသမီး တယောက်က ပြောပါတယ်။

အခုက ဒေသခံတွေ ဘယ်သူမဆို အေးအေးချမ်းချမ်းပဲ လုပ်ကိုင် စားသောက်ချင်တော့တာလို့ သူက ပြောပါတယ်။

အစိုးရ တပ်ဖွဲ့ ဘက်ကတော့ TNLA ဘက်က မိုးကုတ်နဲ့ မိုးမိတ် ကနေ ဆုတ်ခွာပေးရင် စစ်တပ်ဘက်က ဘာမှမလုပ်တော့ဘူးလို့ ကြားတာပဲလို့ ပြောပါတယ်။

"လူ့အသက်နဲ့ ပြည်သူ့ စည်းစိမ်ဥစ္စာတွေ ပျက်စီးရုံသက်သက် စစ်ကစားတာလို့ပဲ မြင်တယ်။ တရုတ်ဖိအား ကြောင့်ဆိုတဲ့ စကားနဲ့ မြန်မာ ပြည်သူတွေရဲ့ အရင်းအနှီးကို မထေမဲ့မြင် ပြုတာကိုတော့ ကန့်ကွက်တယ်၊ ရွံတယ်။" လို့ ဒေသခံ အမျိုးသား တယောက်က ပြောပါတယ်။

တရုတ်အစိုးရက အဓိကလား မြန်မာပြည်သူ တွေက အဓိကလားလို့ တရုတ်ကြောက် လက်နက်ကိုင် အားလုံးကို မေးခွန်းထုတ်ရင် သူတို့ဆီမှာ လုံလောက်တဲ့ အဖြေရှိမယ်မထင်ဘူးလို့ သူက ပြောပါတယ်။

"TNLA က ဒီလို ဖြစ်လာလိမ့်မယ်ဆိုတာ အစောကတည်းက ကြိုမြင်ပြီးသားပါ။ ရှမ်းမြောက်ကတော့ ကြပ်တည်း လာတဲ့ အခြေအနေပါ။ TNLA တောင့် မခံနိုင်တော့ဘူး။ နောက်ဆုံးကျည်ဆံက ဒီလို ဖြစ်လာမှာပဲလေ" လို့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ တွေနဲ့ နီးစပ်သူ အမျိုးသား တယောက်က ပြောပါတယ်။

တခြားမြို့နယ်တွေ ပါဝင်တယ်လို့ မကြားသိရပေမယ့် သယံဇာတ ဝင်ငွေရတဲ့ မိုးကုတ်၊ မိုးမိတ် က စစ်တပ် အခိုင်အမာ ပြန်လာထိုင်မယ်လို့ သိရကြောင်း သူက ပြောပါတယ်။

စစ်တပ်ရဲ့ အစီအစဉ်ကတော့ ရွေးကောက်ပွဲ ပြီးရင်လည်း တဖွဲ့ပြီး တဖွဲ့ ဖိအားလိုက်ပေးလာမယ်လို့ မြင်တယ်လို့ ဒေသခံ တချို့က ပြောနေကြပါတယ်။

၂၀၂၅ခုနှစ်၊ အောက်တိုဘာလ ၂၉ ရက်နေ့ ၀၀း၀၀ နာရီကစ နှစ်ဖက်တပ်‌ေတွ ရောက်ရှိတဲ့ နေရာမှာ ရပ်တန့်ကာ မိုးကုတ်နဲ့ မိုးမိတ်မြို့နယ်တို့မှ TNLA တပ်ဖွဲ့ ပြန်လည်ဆုတ်ခွါမှာဖြစ်ပြီး စစ်တပ် အနေနဲ့လည်း လေယာဉ်ဗုံးကြဲခြင်း၊ ထိုးစစ်ဆင်တိုက်ခိုက်ခြင်း မလုပ်ပဲ အပြန်အလှန် အပစ်အခတ်ရပ်စဲရေးသဘောတူညီချက် လက်မှတ်ရေးထိုးခဲ့ကြကြောင်း သတင်းထုတ်ပြန် TNLA ဘက်က သတင်းထုတ်ပြန်ထားပါတယ်။

တရုတ်နိုင်ငံ အထူးကိုယ်စားလှယ် မစ္စတာတိန့်ရှီကျွင်းရဲ့ ကြားဝင်ညှိနှိုင်းမှုနဲ့ PSLF/TNLA ဘက်က ဒုတိယဗိုလ်ချုပ်ကြီး တားဂျုတ်ဂျား ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့နဲ့ ဒုတိယဗိုလ်ချုပ်ကြီး ကိုကိုဦး ဦးဆောင်တဲ့ NSPNC ကိုယ်စားလှယ်အဖွဲ့ တို့ တရုတ်နိုင်ငံ၊ ကူမင်းမြို့မှာ ကိုးကြိမ်မြောက် တွေ့ဆုံဆွေးနွေးပွဲကို

၂၀၂၅ခုနှစ်၊ အောက်တိုဘာလ ၂၇ ကနေ ၂၈ ရက်နေ့ထိ ပြုလုပ်ခဲ့တယ်လို့လည်း ဖော်ပြထားပါတယ်။

စစ်တပ် ဘက်ကတော့ TNLA တပ်ဖွဲ့ အနေနဲ့ နောင်ချို၊ ကျောက်မဲ၊ သီပေါ၊ မိုးကုတ်၊ မိုးမိတ် မြို့နယ်တို့ကနေ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဖြစ်တဲ့ နမ့်ဆန်နဲ့ မန်တုံ မြို့နယ်ဘက်အထိ ဆုတ်ခွာပေးဖို့ ပြီးခဲ့တဲ့ ဧပြီလ ကူမင်း ဆွေးနွေးပွဲ ကတည်းက တောင်းဆိုခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။

image