တပ်မတော်နှင့် TNLA ဆွေးနွေးမှု တိုးတက်မှုရှိဟု ‌ဗိုလ်ချုပ် ဇော်မင်းထွန်းပြော
------------------------------------------

တပ်မတော် နဲ့ TNLA တို့အကြား တွေ့ဆုံဆွေးနွေးခဲ့ပြီး တိုးတက်မှု ရှိခဲ့တယ်လို့ အမျိုးသား ကာကွယ်ရေး နှင့် လုံခြုံရေးကောင်စီ သတင်းထုတ်ပြန်ရေး အဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ် ဇော်မင်းထွန်းက One News ရဲ့ မေးမြန်းမှုအပေါ် ပြန်လည်ဖြေကြားပါတယ်။

တရုတ်နိုင်ငံရဲ့ ကြားဝင်စေ့စပ်ညှိနှိုင်းမှုနဲ့ တရုတ်နိုင်ငံ၊ ကူမင်းမြို့မှာ တပ်မတော်နဲ့ TNLA တို့အကြား အပစ်အခတ်ရပ်စဲရေးအတွက် တွေ့ဆုံဆွေးနွေးခဲ့တာလို့ ဆိုပါတယ်။

နှစ်ဖက်တွေ့ဆုံဆွေးနွေးမှု အသေးစိတ်အခြေအနေတွေကိုတော့ တစ်ဖက်နဲ့တစ်ဖက် ထုတ်မပြောဖို့ သဘောတူညီခဲ့တာရှိပြီး အခုတွေ့ဆုံ ဆွေးနွေးမှုကတော့ တိုးတက်မှု ရှိတယ်လို့ ဗိုလ်ချုပ် ဇော်မင်းထွန်းက ပြောပါတယ်။

“တပ်မတော် နဲ့ TNLA ကြားမှာ ဆွေးနွေးခဲ့တာ ရှိပါတယ်။ ဆွေးနွေးချက်တွေနဲ့ ပတ်သက်ပြီးရင် ကျွန် တော်တို့ရဲ့ သဘောတူညီချက်က ဆွေးနွေးချက်တွေကို အကောင်အထည်ဖော်တဲ့နေရာမှာ တစ်ဦးနဲ့ တစ်ဦး၊ တစ်ဖက်နဲ့ တစ်ဖက်က ထုတ်မပြောရဘူး ဆိုတဲ့ သဘောတူညီချက် ရှိပါတယ်။ ကျွန်တော် ပြောနိုင်တာကတော့ ဆွေးနွေးခဲ့တာ ရှိပါတယ်။ တိုးတက်မှု ရှိပါတယ်။

ဆက်လက်စောင့်ကြည့် ဆောင်ရွက်သွားရမှာ ဖြစ်ပါတယ်။ ကျွန်တော်တို့ကတော့ တရုတ်နိုင်ငံရဲ့ ကူညီနေမှုနဲ့ TNLA နဲ့မှ မဟုတ်ပါဘူး။ တခြားအဖွဲ့ အစည်းတွေနဲ့လည်း ဆက်လက်ပြီး ဆွေးနွေးသွားမှာ ဖြစ်ပါတယ်’’ လို့ ဗိုလ်ချုပ် ဇော်မင်းထွန်းက ပြောပါတယ်။

တရုတ်နိုင်ငံရဲ့ ကြားဝင်စေ့စပ်ညှိနှိုင်းမှုနဲ့ တပ်မတော်နဲ့ TNLA တို့အကြား အပြန်အလှန် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် လက်မှတ်ရေးထိုးခဲ့တယ်လို့လည်း TNLA ဘက်က အောက်တိုဘာ၂၉ရက်မှာ သီးခြား ထုတ်ပြန်ခဲ့တာ ရှိပါတယ်။

image