14 ပတ် - ဘာသာပြန်ပါ။

ဒီရက်ပိုင်း ကမ္ဘာပေါ်မှာ ဖြစ်နေတဲ့ သဘာဝဘေးအန္တရာယ် သတင်းတွေထဲမှာ အဆိုးရွားဆုံးလို့ ပြောရမယ့် သတင်းကတော့ Hurricane Melissa အကြောင်းပဲ ဖြစ်ပါတယ်။ Melissa ဟာ အတ္တလန္တိတ်သမုဒ္ဒရာမှာ မှတ်တမ်းတင်ခဲ့ဖူးသမျှ အားအပြင်းဆုံး မုန်တိုင်းတွေထဲက တစ်ခုဖြစ်ပြီး ကာရစ်ဘီယံကျွန်းစုတွေကို ဝင်တိုက်သွားတာကြောင့် ဒေသခံတွေရဲ့ ဘဝနဲ့ အိုးအိမ်တွေ ဆုံးရှုံးရမယ့် အခြေအနေနဲ့ ရင်ဆိုင်နေရပါပြီ။ ဒီမုန်တိုင်းကြီးက ကမ္ဘာ့ရာသီဥတု ဖောက်ပြန်မှုကြောင့် ပင်လယ်ရေတွေ လျင်မြန်စွာ ပူလာလို့ အလွန်လျင်မြန်စွာ အားကောင်းလာတဲ့ လက္ခဏာတစ်ခုပဲလို့လည်း ဆိုကြပါတယ်။
Melissa ဟာ ပြီးခဲ့တဲ့ အင်္ဂါနေ့ (အောက်တိုဘာ ၂၈) မှာ Category 5 (အဆင့် ၅) ဟာရီကိန်းအပြည့်နဲ့ ဂျမေကာ (Jamaica)ကမ်းရိုးတန်းကို စဝင်တိုက်ခဲ့တာပါ။ ပြောရရင်တော့ ၁၈၅၁ ခုနှစ်နောက်ပိုင်း ဂျမေကာကို တိုက်ရိုက်ဝင်တိုက်ဖူးသမျှထဲမှာ ဒီမုန်တိုင်းက အပြင်းထန်ဆုံးပဲ လို့ သတ်မှတ်ခံရပါတယ်။ အမြင့်ဆုံး လေတိုက်နှုန်းက တစ်နာရီ မိုင် ၁၈၅ မိုင် (၂၉၈ ကီလိုမီတာ) အထိရှိခဲ့တယ်ဆိုတော့ ကျွန်းတစ်ကျွန်းလုံးနီးပါး ရေကြီးရေလျှံမှု၊ အဆောက်အအုံတွေ ပြိုကျပျက်စီးတာတွေနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။ ဆေးရုံတွေ၊ လမ်းတွေပါ ပြင်းထန်စွာ ထိခိုက်ပျက်စီးပြီး လျှပ်စစ်မီးတွေ အကုန်ပြတ်တောက်ခဲ့တယ်။ ဒီမုန်တိုင်းကြောင့် လူပေါင်း ၆,၀၀၀ နီးပါးဟာ ဘေးလွတ်ရာကို ပြောင်းရွှေ့ခဲ့ရပြီး လူပေါင်း ၁.၅ သန်းလောက်ကတော့ မုန်တိုင်းဒဏ်ကို တိုက်ရိုက် ခံစားရနိုင်တယ်လို့ ခန့်မှန်းရပါတယ်။
ဂျမေကာ ကုန်းမြေကို ဖြတ်ကျော်ပြီးတဲ့နောက် Melissa ဟာ အင်အားအနည်းငယ်တော့ လျော့သွားခဲ့ပေမဲ့ Category 4 (အဆင့် ၄) ဟာရီကိန်းအဖြစ်တော့ ဆက်ရှိနေတုန်းပါပဲ။ အခုချိန်မှာတော့ ကျူးဘား (Cuba) နိုင်ငံဘက်ကို ဦးတည်နေပါတယ်။ ကျူးဘားသမ္မတကိုယ်တိုင်က နိုင်ငံသားတွေကို ဒီမုန်တိုင်းဟာ သူတို့ကျွန်းကို ဒီနေ့ည သန်းခေါင်ယံ ဒါမှမဟုတ် ဗုဒ္ဓဟူးနေ့မှာ ဝင်တိုက်မယ့် သမိုင်းတစ်လျှောက် အပြင်းထန်ဆုံး မုန်တိုင်း ဖြစ်နိုင်တယ်ဆိုပြီး အလေးအနက် သတိပေးထားပါတယ်။ ကျူးဘားနဲ့ အနီးတစ်ဝိုက်ကျွန်းတွေမှာ မိုးရေချိန် ၂၅ လက်မအထိ ရွာသွန်းနိုင်တာကြောင့် မြေပြိုမှု၊ ပြင်းထန်တဲ့ ရေကြီးမှုတွေ ဆက်ဖြစ်နိုင်တယ်လို့ ရာသီဥတု ပညာရှင်တွေက ခန့်မှန်းထားတယ်။ ဒါ့အပြင် ဟေတီ (Haiti)၊ ဒိုမီနီကန် သမ္မတနိုင်ငံ (Dominican Republic) နဲ့ ဘဟားမားစ် (The Bahamas) တို့မှာလည်း မိုးဒဏ်ကို ပြင်းပြင်းထန်ထန် ခံစားရဖို့ ရှိနေပါတယ်။
Hurricane Melissa ဟာ ဂျမေကာမှာတော့ တကယ်ကို ကပ်ဘေးတစ်ခုကို ဖန်တီးခဲ့ပြီး၊ ရာသီဥတုပြောင်းလဲမှုကြောင့် ဟာရီကိန်းတွေ အင်အားပိုကြီးလာတဲ့ ဖြစ်စဉ်ကို ရှင်းရှင်းလင်းလင်း ပြသနေပါတယ်။ ကာရစ်ဘီယံဒေသတစ်ခုလုံးကတော့ အခုချိန်မှာ အကူအညီနဲ့ ပြန်လည်ထူထောင်ရေး လုပ်ငန်းတွေအတွက် ပြင်ဆင်နေရဆဲပါ။ အပြည်ပြည်ဆိုင်ရာ ကယ်ဆယ်ရေးအဖွဲ့တွေကလည်း မုန်တိုင်းပြီးတာနဲ့ ချက်ချင်း ကူညီကယ်ဆယ်ရေး လုပ်ငန်းတွေ စတင်ဖို့ အသင့် စောင့်ဆိုင်းနေကြပါတယ်လို့ သိရပါတယ်။

image