၉ ကြိမ်မြောက်တွေ့ဆုံမှုအပြီး တပ်မတော်နှင့် TNLA တို့အကြား အပစ်ခတ်ရပ်စဲရေး သဘောတူလက်မှတ်ရေးထိုး 
သတ်မှတ်ကာလအတွင်း မိုးကုတ်နှင့် မိုးမိတ်မြို့နယ်ကနေ တအောင်းတပ်များ ဆုတ်ခွာမည် 
 
ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA မှ ဒုတိယဗိုလ်ချုပ်ကြီး တားဂျုတ်ဂျား ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့နှင့် ဒုတိဗိုလ်ချုပ်ကြီး ကိုကိုဦး ဦးဆောင်သည့် NSPNC ကိုယ်စားလှယ်အဖွဲ့တို့သည့် တရုတ်နိုင်ငံ ကူမင်းမြို့၌ ကိုးကြိမ်မြောက်တွေ့ဆုံမှုကို အောက်တိုဘာ(၂၇)ရက်နှင့် (၂၈)ရက်နေ့တို့တွင် ကျင်းပခဲ့ကြောင်း သိရသည်။ 
 
တရုတ်နိုင်ငံအထူးကိုယ်စားလှယ် မစ္စတာတိန့်ရှီကျွင်း ၏ ကြားဝင်စေ့စပ်ညှိနှိုင်းမှုကြောင့် နှစ်ဖက်အပြန်အလှန်ဆွေးနွေးမှုများလုပ်ဆောင်နိုင်ခဲ့ပြီး အပြန်အလှန်အပစ်ခတ်ရပ်စဲရေးအတွက် သဘောတူညီချက်ကို ယနေ့ အောက်တိုဘာ(၂၉)ရက်နေ့တွင် လက်မှတ်ရေးထိုးခဲ့ကြောင်း TNLA ၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။ 
 
ထိုပြင် သဘောတူသတ်မှတ်ထားသည့်ကာလအတွင်း မိုးကုတ်နှင့်မိုးမိတ်မြို့နယ်တို့မှ တအောင်းတပ်များ ပြန်လည်ဆုတ်ခွာမည်ဖြစ်ပြီး တအောင်းဒေသကိုလည်း မြန်မာစစ်တပ်က လေယာဉ်ဗုံးကြဲခြင်း ထိုးစစ်ဆင်တို-က်ခို-က်ခြင်းများမပြုလုပ်ရန်လည်း သဘောတူညီချက်တွင် လက်မှတ်ရေးထိုးခဲ့ကြောင်း သိရသည်။ 
 
ယနေ့ လက်မှတ်ရေးထိုးသည့် အောက်တိုဘာ(၂၉)ရက်မှ စတင်ပြီး နှစ်ဖက်ရောက်ရှိသည့်နေရာများတွင် တပ်များရပ်တန့်ထားမည်ဖြစ်ကြောင်း သိရသည်။
 
         
 
		  
		 
		 
		 
		 
		 
                