တောင်သူလယ်သမားများ စိုက်ပျိုးထွက်ရှိသမျှ ကြံအားလုံးကို ဝယ်ယူကြိတ်ခွဲသွားမည်
ယခု ၂၀၂၅-၂၀၂၆ ခုနှစ် ကြံရာသီတွင် ပြည်တွင်းရှိ သကြားစက်ရုံ ၂၉ ရုံအနေဖြင့်တောင်သူလယ်သမားများ စိုက်ပျိုးထွက်ရှိသမျှ ကြံအားလုံးကို ဝယ်ယူကြိတ်ခွဲသွားမည်ဖြစ်ကြောင်း စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
သကြားစက်ရုံများ၊ ကြံစိုက်တောင်သူများနှင့် စိုက်ပျိုးရေးဦးစီးဌာနမှ တာဝန်ရှိသူများ အောက်တိုဘာ ၂၅ ရက်နေ့ကနေပြည်တော်တွင်တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။
တောင်သူများမှ ခုတ်သိမ်းသောကြံများကို စက်ရုံသို့အချိန်နှင့်တစ်ပြေးညီ အလျင်အမြန် သယ်ယူနိုင်ရေး၊ သကြားစက်ရုံများနှင့် ကြံစိုက်တောင်သူများ ကန်ထရိုက်(Contract Farming)စနစ်ဖြင့် စိုက်ပျိုးဝယ်ယူကြိတ်ခွဲနိုင်ရေး၊ သကြားစက်များပြုပြင်မွမ်းမံခြင်း၊ စက်စွမ်းအားမြှင့်တင်ခြင်း၊ ခေတ်မီစက်များဖြင့် ပြောင်းလဲတပ်ဆင်ကြိတ်ဝါးခြင်းဖြင့် သကြားထွက်နှုန်းတိုးတက်ရေးနှင့် ထုတ်ကုန်အရည်အသွေး ကောင်းမွန်ရေးကို ဦးစားပေး ဆောင်ရွက်ရန်လည်း ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
စိုက်ပျိုးရေးဦးစီးဌာနအနေဖြင့် သကြားထွက်နှုန်းကောင်းမွန်သည့် အရည်အသွေးကောင်းကြံမျိုးများ ဖြန့်ဖြူးပေးခြင်း၊ နည်းပညာပေးခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိသကဲ့သို့ ကြံပင်များ၌ အချိုဓာတ်ပြည့်ဝချိန်တွင် မှန်မှန်ကန်ကန်ခုတ်သိမ်းနိုင်ရန်နှင့် ရိတ်သိမ်းချိန်လွန်ကာလ လေလွင့်ဆုံးရှုံးနိုင်သည့် အချက်များကို တောင်သူများ ဂရုပြုလိုက်နာဆောင်ရွက်နိုင်ရေး အသိပညာ ပေးလုပ်ငန်းများကို တွန်းအားပေး ဆောင်ရွက်လျက်ရှိကြောင်း၊ ကြံပင်၏ အရင်း၊ အလယ်၊ အဖျားတို့၏ အချိုဓာတ်ပါဝင်မှု (Brix) ရာခိုင်နှုန်းကို Hand Refrometer ဖြင့် တိုင်းတာ၍ အချိုဓာတ်အများဆုံးအချိန် ခုတ်သိမ်းရန်နှင့် ကြံခုတ်သိမ်းပြီးပြီးချင်း သယ်ယူကြိတ်ဝါးနိုင်ခြင်းဖြင့် ကောင်းမွန်သော သကြားထွက်နှုန်းရရှိမည်ဖြစ်၍ ခုတ်သိမ်းချိန်မှန်မှန်ကန်ကန်နှင့် သယ်ယူကြိတ်ခွဲရေး လုပ်ငန်းများကို စနစ်တကျ ဆောင်ရွက်သွားနိုင်ရန် လုပ်ငန်းရှင်များနှင့် တောင်သူများအကြား ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
နိုင်ငံအတွင်း သကြားစက်ရုံပေါင်း ၂၉ ရုံရှိပြီး ပြီးခဲ့သည့် ၂၀၂၄-၂၀၂၅ ခုနှစ်တွင် ကြံတန်ချိန် ၅၃၇၉၅၇၇ တန် ကြိတ်ဝါးနိုင်ခဲ့ကာ သကြားအထွက် ၅၄၃၆၆၃ တန်၊ တင်လဲရည် ၂၆၁၈၉၅ တန် ထွက်ရှိခဲ့ကြောင်း သိရသည်။
Photo - အစိမ်းရောင်လမ်း