#လူငယ်တွေအတွက်ဘဲပုံပြင်သင်ခန်းစာ
#ဘဲပုံပြင်
တစ်ခါတုန်းက တောအုပ်ကြီးတစ်ခုမှာ မြင်းတစ်ကောင်ရယ် … ငှက်တစ်ကောင်ရယ်… ငါးတစ်ကောင်ရယ် … ဘဲတစ်ကောင်ရယ် ရှိကြတယ် … ။ မြင်းဆိုတဲ့ သတ္တဝါက အပြေးသန်တယ် … ငှက်က အမြင့်ပျံနိုင်တယ် … ငါးက ရေကူးမြန်တယ် … ဘဲကတော့ ပြေးလို့လည်း ရတယ် … ပျံလို့လည်း ရတယ် … ရေလည်း ကူးတတ်တယ် …။ အမှတ်တမဲ့ ကြည့်လိုက်ရင် ဘက်စုံတတ်တဲ့သူ ဆိုပြီး အထင်ကြီးနိုင်ပါတယ်။
ဒါပေမယ့် တကယ်သေသေချာချာ စဉ်းစားကြည့်လိုက်ရင် ဘဲဟာ ပြေးတော့လည်း မြင်းလောက် မပြေးနိုင် ပါဘူး …. ပျံတော့လည်း ငှက်လောက် မပျံနိုင်ပါဘူး … ရေကူးတော့လည်း ငါးလောက် မကူးတတ်ဘူး … ဟိုစပ်စပ် ဒီစပ်စပ် နဲ့ ဒီနေ့ခေတ်စကားနဲ့ ပြောရရင် ဘဲဟာ ဘယ်ဘက်မှာမှ professional မဖြစ်ပါဘူး … ။ ဒါကြောင့် ဘက်စုံဆိုတဲ့စကားဟာ အမှတ်တမဲ့ကြည့်လိုက်ရင်တော့အထင်ကြီး
စရာလို့ထင်ရပေမယ့် ဘက်စုံတတ်တာတော့ ဟုတ်ပါတယ် … တကယ် ကျွမ်းကျင်ရဲ့လားဆိုတာက ဆန်းစစ်ကြည့်ဖို့ လိုပါလိမ့်မယ်။
စာရေးသူတို့ မြန်မာလူငယ် အချို့ဟာလည်း ပုံပြင်ထဲက ဘဲလိုပဲ ဟိုစပ်စပ် ဒီစပ်စပ်တွေ လိုက်လုပ်ပြီး professional မဖြစ်တာတွေ တွေ့နေရပါတယ် … ။ ခေတ်ရဲ့ လိုအပ်ချက် ဒါမှမဟုတ် လွှမ်းမိုးမှု တွေ အပေါ်မူတည်ပြီး သင်တန်းပေါင်းစုံကို လိုက်တက်ကြပါတယ် … LCCI ဆိုရင် လိုက်ပြီးတော့ LCCI တက်ကြတယ် … Management ဆိုရင် Management … သင်္ဘောသား ဆိုတော့လည်း သင်္ဘောသား … LCCI လောက်နဲ့ မရတော့ဘူး ACCA ဆိုတော့ ACCA ကိုရီးယားသွားတာတွေ ခေတ်စား လာတော့ ကိုရီးယား … ဒီကြားထဲ ဆေးဝါးကျွမ်းကျင်တွေ ဘာတွေတောင် အဆစ်ပါလိုက်သေးတယ် … ။ အခုလည်း MBA ဆို အားလုံးက MBA နေကြပြန်ပြီ …. အဲဒီလို သင်တန်းပေါင်း များစွာကို တက်ပြီးတော့ Certificate တွေ စုထားလိုက်ကြတာ … တစ်ချို့တစ်ချို့တွေမှာ အိမ်ဆောက်ရင် အမိုးအကာတောင် မလိုတော့ဘဲ ရထားတဲ့ လက်မှတ်တွေနဲ့ မိုးလို့ ကာလို့ ရလောက်အောင် များကြပါတယ် … ။
ပြီးတော့ ဘာကို သေသေချာချာ ကျွမ်းကျင်လဲလို့ မေးလိုက်ရင် ဟိုဟာလည်း သိသလိုလို … ဒီဟာလည်း တတ်သလိုလို နဲ့ ဘာမှကို ရေရေရာရာ မတတ်ဘူး ဖြစ်နေတတ်ကြပါတယ် တကယ်စိတ်ဝင်စားလို့ တကယ်လိုအပ်လို့ တက်ရင် ဘယ်သင်တန်းမဆို တက်ပါ … တက်ပြီးရင်လည်း တတ်အောင် လုပ်ပါ … တကယ်တတ်ကျွမ်းကျင်ရင် တကယ် နေရာရှိပါတယ် … ။ ဘာမှ မတတ်ရင်တော့ ဘယ်လောက်ပဲ လက်မှတ်တွေကိုင်ထားပါစေ … နေရာရဖို့ မလွယ်ပါဘူး … ။ ဟိုတစ်လော က “ဆယ်တန်းမှာ ဝိဇ္ဇာ ဘာသာတွဲ ယူတဲ့သူတွေ နည်းလာတယ် လို့” ဂျာနယ်ထဲမှာ ဖတ်လိုက်ရတယ် … ။ ပထဝီ၊ သမိုင်း စတဲ့ ဝိဇ္ဇာ ဘာသာရပ်တွေနဲ့ ကျောင်းပြီးရင် ဘာမှ လုပ်လို့မရဘူးလို့ ယူဆကြတဲ့အတွက် ယူတဲ့ သူတွေ နည်းလာတာပါလို့ ဖတ်ရပါတယ် … ။ ဒါဆိုရင် သမိုင်းပညာရှင်ကြီး ဒေါက်တာ သန်းထွန်း၊ မြန်မာစာပါမောက္ခ ဆရာကြီး ဦးဖေမောင်တင်တို့ လို လူမျိုးတွေ ဘယ်လို ပေါ်ထွက်ခဲ့ပါသလဲ … ။
နိုင်ငံတစ်နိုင်ငံဆိုတာ ကဏ္ဍတစ်ခုတည်းနဲ့ တည်ဆောက်ထားတာ မဟုတ်ပါဘူး … သက်ဆိုင်ရာရာ ကဏ္ဍအလိုက် တတ်ကျွမ်းကျင်တဲ့သူတွေ လိုပါတယ် … ။ ကဏ္ဍတစ်ခုတည်းမှာ စုပြုံနေလို့ အဆင်မပြေ ပါဘူး … ။
ဒါကြောင့် ဝင်ငွေကောင်းတာ … လူပြောများတာတွေထက် ကိုယ်တကယ် လုပ်ချင်တဲ့ နယ်ပယ်ကို ရွေးပြီး တတ်ကျွမ်းကျင်အောင် လေ့လာသင်ယူကြစေချင်ပါတယ် … ။
မြန်မာလူငယ်တွေ ပုံပြင်ထဲက ဘဲလို မဖြစ်စေဖို့ ဘယ်နေရာမှာ ဘယ်နယ်ပယ်မှာ ဖြစ်ပါစေ … တကယ်ကျွမ်းကျင်တတ်မြောက်အောင် လုပ်ကြဖို့ တိုက်တွန်းလိုက်ပါရစေ ….
“လူငယ်တိုင်း သက်ဆိုင်ရာ နယ်ပယ်အသီးသီးမှာ ကျွမ်းကျင်တတ်မြောက် ပြီး အောင်မြင်နိုင်ကြပါစေ … ”
ဒါကြောင့်မိမိကျွမ်းကျင်မူအကောင်းဆုံးတည်ဆောက်ပါ.......