#ယနေ့ထုတ်သတင်းစာ_နိုင်ငံတကာသတင်း
◾️ပြင်ပကမ္ဘာနှင့် ကင်းကွာနေသော လူမျိုးစုများ ရှင်သန်ရေးအတွက် ရုန်းကန်နေရ
တစ်ကမ္ဘာလုံးအတိုင်းအတာအရ ခေတ်သစ်ပြင်ပကမ္ဘာနှင့် အဆက်အသွယ်မလုပ်ဘဲ သီးခြားရပ်တည်ရှင်သန်နေကြသော ဌာနေတိုင်းရင်းသားလူမျိုးစုပေါင်း အနည်းဆုံး ၁၉၆ခုထိရှိပြီး အများအပြားမှာ မျိုးသုဉ်းပျောက်ကွယ်မည့်အန္တရာယ်နှင့်ရင်ဆိုင်နေရကြောင်း ကမ္ဘာ့လူမျိုးစုများ ရှင်သန်ရပ်တည်ရေး နိုင်ငံတကာအဖွဲ့အမည်ရှိ လူ့အခွင့်အရေးအဖွဲ့တစ်ဖွဲ့က အောက်တိုဘာ ၂၇ရက်တွင်သတင်းထုတ်ပြန်ထားသည်။
ကမ္ဘာတစ်ဝန်းရှိ ပြင်ပခေတ်သစ်ကမ္ဘာနှင့်အဆက်အဆံမရှိဘဲ သီးခြားရပ်တည်ရှင်သန်နေသောဌာနေနေင်းရင်းသား လူမျိုးစု၁၉၆ခုအနက်အများစုမှာ တောင်အမေရိကတိုက် မိုးသစ်တောဒေသများ၌ နေထိုင်သည့် လူမျိုးစုများဖြစ်ကြောင်းသိရသည်။
တောင်အမေရိက အမေဇုန်မိုးသစ်တောဒေသ၌ နေထိုင်ကြသည့် ဌာနေတိုင်းရင်းသားလူမျိုးစုများမှာတရားမဝင် သစ်ခိုးထုတ်သူများ၊ မူးယစ်မှောင်ခိုသမားများ၊ သာသနာပြုများနှင့် အစိုးရကျောထောက်နောက်ခံပြု အခြေခံအဆောက်အအုံစီမံကိန်းများ၏ ခြိမ်းခြောက်မှုနှင့် ရင်ဆိုင်နေရပြီး
မကြာမီ မျိုးသုဉ်းပျောက်ကွယ်သွားနိုင်သည့် အခြေအနေတွင်ရှိကြောင်း ဌာနေတိုင်းရင်းသားလူမျိုးစု
များ ရှင်သန်ရပ်တည်ရေးနိုင်ငံတကာအဖွဲ့ အစီရင်ခံစာ၌ ဖော်ပြထားသည်။
အထူးသဖြင့် ဘရာဇီး၊ ပီရူး၊ ကိုလံဘီယာနှင့်ပါရာဂွေးနိုင်ငံတို့ရှိ ဌာနေတိုင်းရင်းသားလူမျိုးစု ၁၀၀တို့မှာ ဆက်လက်ရှင်သန်ရပ်တည်နိုင်ရေးအတွက်အပြင်းထန်ဆုံး စိန်ခေါ်မှုများနှင့် ရင်ဆိုင်နေရကြောင်း သိရသည်။
ခေတ်သစ်ကမ္ဘာနှင့် အဆက်အသွယ်ဖြတ်၍သီးခြားရပ်တည်နေသော ဌာနေတိုင်းရင်းသားလူမျိုးစုများကို ကာကွယ်ပေးရန် နိုင်ငံတကာအစိုးရများအား အထက်ဖော်ပြပါအစီရင်ခံစာ၌ တိုက်တွန်းထားသည်။
ကိုးကား-ရိုက်တာ