အင်ထရိုပီလူသား (သို့) The man who behind the beauty of entropy (အပိုင်း - ၃)
ဥပမာအနေနဲ့ သေတ္တာတစ်ခုထဲမှာ X ဓာတ်ငွေ့တစ်ခုကို ထည့်လိုက်ပါမယ်။ ပြီးတော့ သေတ္တာကို ဘယ်ဖက်(L) နဲ့ ညာဖက်(R) နှစ်ပိုင်းပိုင်းလိုက်ပါမယ်။ သေချာတာတစ်ခုက ပုံမှန်အားဖြင့် ဓာတ်ငွေ့တွေက L နဲ့ R ဆီကို သွားပါလိမ့်မယ်။
ဒီသေတ္တာထဲမှာ ရှိတဲ့ဓာတ်ငွေ့တွေက အင်ထရိုပီတန်ဖိုးအမြင့်ဆုံးအခြေအနေ (maximum entropy) ကို ရောက်သွားရင် equilibrium (မျှခြေအခြေအနေ) ဖြစ်ပေါ်ပါတယ်။ ဒါပေမဲ့လည်း ဓာတ်ငွေ့တွေအားလုံးက ညာဖက် (သို့မဟုတ်) ဘယ်ဖက် ကိုပဲ တစ်ဖက်တည်းကို အကုန်သွားလိုက်တဲ့အခြေနေတစ်ခုကို ရောက်သွားခဲ့ရင်ရောဆိုတဲ့ မေးခွန်းက ပေါ်လာပါတယ်။
ဒီလိုဖြစ်စဉ်ကို small fluctuations လို့ခေါ်ပါတယ်။ small fluctuations ဆိုတာက equilibrium အခြေအနေကနေ အနည်းငယ်သွေဖယ်သွားတဲ့ ဖြစ်စဉ်ကို ပြောခြင်းဖြစ်ပါတယ်။
အဲ့အချိန်မှာဆိုရင်တော့ စုစုပေါင်း အင်ထရိုပီ တန်ဖိုးက နည်းသွားပါလိမ့်မယ်။ ဘာကြောင့်လဲဆိုတော့ သေတ္တာရဲ့(R or L) ဘက်ခြမ်းမှာ ဓာတ်ငွေ့တွေက အကုန်ရှိနေတဲ့အတွက်ကြောင့်မို့ freedom မဖြစ်တော့ပါဘူး။ ဆက်တွေးကြည့်ရရင် freedom မဖြစ်တော့တာက orderly (အစီအစဉ်တကျ) ရှိနေတာမို့လို့ပါ။
အဲ့အတွက် အင်ထရိုပီတန်ဖိုးက နည်းတဲ့ဆီကို သွားရခြင်းဖြစ်ပါတယ်။ သို့ပေမဲ့လည်း ဒီလို ဖြစ်ရပ်မျိုး ဖြစ်နိုင်ချေက မရှိသလောက်ကို နည်းပါးပါတယ်။ သီအိုရီအရ ရှိနေရခြင်းသာဖြစ်ပါတယ်။
ဒါကြောင့် စတာတစ်စတစ်ကယ်မက္ကင်းနစ်က အင်ထရိုပီအပေါ်အမြင်ကို မက်စ်ပလန့်က လက်မခံတာဖြစ်ပါတယ်။
deterministic (ကြိုတင်ဆုံးဖြတ်နိုင်စွမ်း) entropy ကို စွဲကိုင်ထားတဲ့ မက်စ်ပလန့်အနေနဲ့ မသေချာတဲ့ ဖြစ်တန်စွမ်းနည်းတွေထက် သေသေချာချာကြိုတင်ဆုံးဖြတ်နိုင်တဲ့အင်ထရိုပီ ကိုပဲ လက်ခံတာဖြစ်ပါတယ်။ တစ်ဖက်မှာတော့ ဘော့စ်မန်းရဲ့ အက်တမ်အယူအဆ ကနေ အင်ထရိုပီ ကို မြင်တဲ့အမြင်ကလည်း ပြောင်မြောက်လှပါတယ်။
နောက်ပြီးတော့ မက်စ်ပလန့်က အင်ထရိုပီ ကို universal truth အနေနဲ့ ယုံကြည်တာပဲဖြစ်ပါတယ်။ universal truth ဆိုတာ ဘယ်နေရာ ဘယ်အချိန်မှာ တိုင်းတိုင်း အမှန်တရားက တစ်ခုတည်းဆိုတာကို ဆိုလိုခြင်းဖြစ်ပါတယ်။
သို့ပေမဲ့လည်း ၁၈၉၀ ဝန်းကျင်လောက်ရောက်တဲ့အခါမှာ အပူဒိုင်းနမစ်ဒုတိယနိယာမကို ဗဟိုပြုပြီးတော့ debate (ငြင်းခုံမှု) တစ်ခုဖြစ်ပွားခဲ့ပါတယ်။ ဒီကိစ္စကို စခဲ့တဲ့ ပညာရှင်တွေကို energeticists (အင်နာဂျပ်တစ်စစ်(စ်)) စွမ်းအင်ဗေဒပညာရှင်လို့ခေါ်ပါတယ်။
အဓိပ္ပာယ်ကတော့ အပူစွမ်းအင်၊ အပူကူးပြောင်းခြင်း တို့ကို လက်ခံယုံကြည်ပြီးတော့ အင်ထရိုပီဆိုတဲ့ အရာ၊ အပူချိန်အတွက် ပကတိ သုညတန်ဖိုး (absolute zero)ကို ယုတ္တိမရှိဘူးလို့ စွဲကိုင်ထားတဲ့ ပုဂ္ဂိုလ်တွေ ဖြစ်ကြပါတယ်။
ဒီပညာရှင်တွေထဲမှာ ရူပဓာတုဗေဒပညာရှင် (Physical Chemist)၊ ရူပဗေဒပညာရှင် (Physicist) တွေပါဝင်ကြပါတယ်။ ဒီငြင်းခုံမှုက energeticists နဲ့ entropists လို့ခေါ်တဲ့ entropy ကို ယုံကြည်ကြတဲ့ ရူပဗေဒပညာရှင်တွေနဲ့ အားပြိုင်ကြတဲ့ ၁၉ ရာစုနှစ်ရဲ့ နာမည်အကျော်ကြားဆုံးငြင်းခုံမှုတွေထဲက တစ်ခုဖြစ်ပါတယ်။
ဒီနေရာမှာ entropy ကို ပြင်းပြင်းထန်ထန်ကန့်ကွက်နေတဲ့ energeticists တွေကို ဆန့်ကျင်နေတဲ့ သီအိုရီရူပဗေဒပညာရှင်တစ်ယောက်ပါဝင်လာခဲ့ပါတယ်။ အဲ့တာကတော့ entropy နဲ့ ပတ်သက်လာရင် universal truth လို့ယုံကြည်ထားတဲ့ ဘာလင်တက္ကသိုလ်မှာ အချိန်ပြည့်ပါမောက္ခဖြစ်ခါစ မက်စ်ပလန့် ဖြစ်ပါတယ် ။
ဒါ့အပြင် အင်ထရိုပီအပေါ်ကို ကြည့်ရှုတဲ့ပုံစံခြင်းမတူညီပေမဲ့လည်း စတာတစ်စတစ်ကယ်အမြင်ဖက်ကနေ စဉ်းစားတဲ့ မြူးနစ်တက္ကသိုလ် သီအိုရီရူပဗေဒဌာနမှူး ဘော့စ်မန်းက မက်စ်ပလန့်ဘက်ကနေ ရပ်တည်တာပဲဖြစ်ပါတယ်။
ဒီနေရာမှာ ဘော့စ်မန်းက ထောက်ခံပေမဲ့လည်း မက်စ်ပလန့်ကတော့ သူ့ရဲ့ကြိုတင်ဆုံးဖြတ်နိုင်စွမ်း ရှိတဲ့ အင်ထရိုပီ (deterministic entropy) ကိုသာလျှင် လက်ခံယုံကြည်ဆဲဖြစ်ပါတယ်။ ဒီအယူအဆတွေက ဘော့စ်မန်း-ပလန့် တို့ရဲ့ သီအိုရီတွေကြားထဲမှာ ဖော်ဆောင်သွားတဲ့အလှအပတစ်ခုအဖြစ် ယနေ့တိုင်ကျန်ရှိနေဆဲဖြစ်ပါတယ်။
ဒါ့ကြောင့်မို့လို့ မက်စ်ပလန့်အနေနဲ့ ၁၉ ရာစုကုန်ခါနီးလောက်မှာ ဘယ်လိုအတွေးအခေါ်တွေနဲ့ အနက်ရောင်ကိုယ်ထည်ပြဿနာကို အင်ထရိုပီရှုထောင့်ကနေ အဖြေရှာဦးမလဲဆိုတာ စိတ်ဝင်စားဖွယ်ဆက်လက်စောင့်ကြည့်ကြရအောင်ပါ။
~MASES / Kaung Khant Naing

image