၂၀၃၄ ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် မီတာ(၃၅၀)အမြင့်မှာ ဘောလုံးကွင်း တည်ဆောက်ဖို့ ဆော်ဒီစီစဉ်နေ
၂၀၃၄ ကမ္ဘာ့ဖလားပြိုင်ပွဲကို အိမ်ရှင်အဖြစ် လက်ခံကျင်းပခွင့်ရရှိထားတဲ့ ဆော်ဒီနိုင်ငံဟာ ထူးထူးခြားခြားအဖြစ် မီတာ(၃၅၀)အမြင့်မှာ ဘောလုံးကွင်းတစ်ကွင်း တည်ဆောက်သွားဖို့ စီစဉ်နေကြောင်း သိရပါတယ်။
ဆော်ဒီနိုင်ငံဟာ ၂၀၃၄ ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် ယှဉ်ပြိုင်ရွေးချယ်ခံမယ့် ပြိုင်ဘက်မရှိတာကြောင့် အိိမ်ရှင်အဖြစ် လွတ်လွတ်ကျွတ်ကျွတ်ရွေးချယ်ခံခဲ့ရတာဖြစ်ပြီး ပြိုင်ပွဲကို ဆောင်းရာသီမှာ ကျင်းပဖွယ်ရှိနေကြောင်းလည်း သိရပါတယ်။
ဆော်ဒီနိုင်ငံဟာ ၂၀၃၄ ကမ္ဘာ့ဖလားပြိုင်ပွဲကို မြို့(၅)မြို့က ဘောလုံးကွင်း(၁၅)ကွင်းမှာ ကျင်းပဖို့ စီစဉ်ထားတဲ့အနက် (၁၀)ကွင်းကို အသစ်တည်ဆောက်သွားမှာဖြစ်ပါတယ်။
အဲဒီ(၁၀)ကွင်းထဲက NEOM မြို့သစ်မှာ တည်ဆောက်မယ့် ကွင်းသစ်ကို မြေမျက်နှာပြင်ရဲ့အထက် မီတာ(၃၅၀)၊ ပေ(၁၁၀၀)ကျော်အမြင့်မှာ တည်ဆောက်သွားဖို့ စီစဉ်ထားကြောင်းနဲ့ ပရိသတ်(၄၆၀၀၀)ကျော်ဝင်ဆံ့မယ့် အဲဒီကွင်းကို NEOM Sky Stadium လို့ အမည်ပေးသွားမှာဖြစ်ကြောင်း သိရပါတယ်။
ဆော်ဒီနိုင်ငံက ဒီကွင်းသစ်ကို ၂၀၂၇ ခုနှစ်မှာ စတင်ဆောက်လုပ်သွားမှာဖြစ်ပြီး ကမ္ဘာ့ဖလားပြိုင်ပွဲမတိုင်ခင်(၂)နှစ်အလိုဖြစ်တဲ့ ၂၀၃၂ ခုနှစ်မှာ ပြီးစီးဖို့ လျာထားကြောင်း သိရပါတယ်။