ဒီလက် ပြန်ကစားလာနိုင်မှုကြောင့် ချဲလ်ဆီးရဲ့ တိုက်စစ်ပြဿနာ ပြေလည်လာ
=====================

တိုက်စစ်မှူးလီယမ်ဒီလက်ဟာ တံကောက်ကြောဒဏ်ရာမှ ပြန်လည်ကောင်းမွန်လာမှုနှင့်အတူ တိုက်စစ်ပြဿနာ ကြုံနေရတဲ့ ချဲလ်ဆီးအတွက် ချိန်သားကိုက် ပြန်လည်ကစားလာနိုင်တော့မှာ ဖြစ်ပါတယ်။

ချဲလ်ဆီးဟာ စနေနေ့တုန်းက စတမ်းဖို့ဒ်ဘရစ်ချ်တွင် ဆန်းဒါးလန်းကို ၂-၁ ဂိုးဖြင့် အရေးနိမ့်ခဲ့ပြီး နည်းပြမာရက်စ်ကာက ဖန်တီးမှုပိုင်း အားနည်းမှု၊ ဖြတ်တင်ဘော မကောင်းမွန်မှုတို့အား အပြစ်တင်ဝေဖန်ခဲ့ပါတယ်။

ချဲလ်ဆီးဟာ ဂိုးရရှိရေး၊ ဖန်တီးမှု ပြုလုပ်ရေး ရုန်းကန်နေခဲ့ရတာ ဖြစ်ပြီး ဒီလက်မှာ ယနေ့ည ဝုဗ်နှင့် ရင်ဆိုင်ရမယ့် ခါရာဘောင်ဖလားပွဲစဉ်တွင် ပြန်လည် ကစားလာနိုင်ပါမယ်။

သူဟာ ဩဂုတ်လတုန်းက ဖူလ်ဟမ်အား ၂-၀ ဂိုးဖြင့် အနိုင်ရတဲ့ပွဲတွင် တံကောက်ကြောဒဏ်ရာရရှိပြီးနောက် ၁၀ ပတ်ကြာ အနားယူလာခဲ့ရသူလည်း ဖြစ်ပါတယ်။

ချဲလ်ဆီးဟာ နွေရာသီတုန်းက ဒီလက်အား ယူနိုက်တက်၊ နယူးကာဆယ်၊ အဲဗာတန်တို့အား ကျော်ဖြတ်ကာ ပေါင်သန်း ၃၀ ဖြင့် ခေါ်ယူနိုင်ခဲ့တာပါ။

အင်္ဂလန်ယူ-၂၁ ကစားသမားဟာ ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲတွင် ပေါင် ၅၅ သန်းတန် တိုက်စစ်သမားဂျာအိုဖီးလစ်နောက်တွင် နောက်ချန်တိုက်စစ်သမားအဖြစ် ခြေစွမ်းပြနိုင်ခဲ့ပါတယ်။

ဂျာအိုဖီးလစ်ဟာ ၃ ဂိုးသွင်းနိုင်ခဲ့ပြီး ချဲလ်ဆီးတို့ ကလပ်ကမ္ဘာ့ဖလားချန်ပီယံ ဖြစ်ပါတယ်။ ဘရာဇီးတိုက်စစ်သမားဟာ ပရီးမီးယားလိဂ် အဖွင့်ပွဲ ၄ ပွဲတွင် ၂ ဂိုးသွင်းပြီး ၄ ကြိမ် ဖန်တီးမှု ပြုလုပ်ထားနိုင်ခဲ့ပါတယ်။

ဒါပေမယ့် ဖီးလစ်ဟာ နောက်ဆုံး ၇ ပွဲဆက် ဂိုးသွင်းနိုင်ခဲ့ခြင်း မရှိပါဘူး။

image