#ယနေ့ထုတ်သတင်းစာ_ပြည်တွင်းသတင်း
◾️ယခုနှစ် ထောပတ်သီးရာသီထိုင်း၊ တရုတ်နှင့် အိန္ဒိယသို့တန်ချိန် ၅၀၀၀ ခန့်
တင်ပို့ရန် လျာထား
ယခုနှစ် ထောပတ်သီးရာသီတွင် ပြည်ပနိုင်ငံများဖြစ်သည့် ထိုင်း၊ တရုတ်နှင့် အိန္ဒိယဈေးကွက်များသို့ထောပတ်သီးတန်ချိန် ၅၀၀၀ ခန့် တင်ပို့နိုင်ရေး လျာထားလျက်ရှိကြောင်း မြန်မာနိုင်ငံ ထောပတ်သီး စိုက်ပျိုး ထုတ်လုပ်တင်ပို့ရောင်းချသူများအသင်း(MAVO)မှ သိရသည်။
ပြည်တွင်းတွင် ထွက်ရှိသည့်ထောပတ်သီးများကို တရုတ်နိုင်ငံအကောက်ခွန် အထွေထွေ အုပ်ချုပ်မှုအာဏာပိုင်အဖွဲ့(GACC)၏ သတ်မှတ်ချက်များနှင့်အညီ ပင်လယ်ရေကြောင်းမှ တရားဝင်တင်ပို့နိုင်ရေးပြင်ဆင်လျက်ရှိပြီး လာမည့်၂၀၂၆ခုနှစ် ဇန်နဝါရီလတွင် တရုတ်ဘက်ကလိုအပ်သည်များ လာရောက် စစ်ဆေးရန်ရှိနေကြောင်း သိရသည်။
ပြီးခဲ့သည့် ထောပတ်သီးရာသီတွင် ပြည်ပနိုင်ငံများသို့ ထောပတ်သီးတန်ချိန် ၃၀၀၀ တင်ပို့နိုင်ခဲ့ကြောင်းသိရသည်။မြန်မာနိုင်ငံ၏ ထောပတ်သီးရာသီသည် နှစ်စဉ် အောက်တိုဘာမှဇန်နဝါရီလအထိဖြစ်ပြီး ရှမ်းပြည်နယ်(တောင်ပိုင်း)နှင့် မန္တလေးတိုင်းဒေသကြီးတို့တွင် အများဆုံး စိုက်ပျိုးလျက်ရှိသည်။
ယခုနှစ် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ထောပတ်သီးစိုက်ဧက၂၀၀၀၀ ခန့်ရှိပြီး ပျမ်းမျှတန်ချိန်
၇၀၀၀ ထွက်ရှိနိုင်ကြောင်း မြန်မာနိုင်ငံ ထောပတ်သီးစိုက်ပျိုး ထုတ်လုပ်တင်ပို့ရောင်းချသူများ အသင်းကမျှော်မှန်းထားကြောင်း သိရသည်။