တရားမဝင် စက်သုံးဆီလုပ်ငန်းများ မလုပ်ရန် အသိပေး
------------------------
နိုင်ငံတော်က ရသင့်ရထိုက်တဲ့ ဘဏ္ဍာငွေတွေ နစ်နာဆုံးရှုံးတဲ့အတွက် တရားမဝင် စက်သုံးဆီလုပ်ငန်းတွေ လုပ်ကိုင်ဆောင်ရွက်တာ မပြုလုပ်ကြဖို့နဲ့ ဥပဒေနဲ့အညီ သက်ဆိုင်ရာ လုပ်ငန်းလိုင်စင်တွေ ရယူဆောင်ရွက်ကြဖို့ စွမ်းအင်ဝန်ကြီးဌာနက အသိပေး နှိုးဆော်ထားပါတယ်။
တရားမဝင် စက်သုံးဆီ သိုလှောင်ဖြန့်ဖြူးရောင်းချမှု မရှိစေရေးနဲ့ လျော့နည်းပပျောက်စေရေးကို ဥပဒေနဲ့အညီ ထိန်းကျောင်းဆောင်ရွက်နေတဲ့အပြင် တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး အဖွဲ့တွေနဲ့ ပူးပေါင်းပြီး စစ်ဆေး ကြပ်မတ်ဆောင်ရွက်တာနဲ့ တရားမဝင် စက်သုံးဆီဖြန့်ဖြူး ရောင်းချတာ မရှိစေဖို့ အသိပညာပေးလုပ်ငန်းတွေကို စဉ်ဆက်မပြတ် ဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။
၂ဝ၂၄ ခုနှစ် ဧပြီ ၁ ရက်ကနေ ၂၀၂၅ ခုနှစ် စက်တင်ဘာ ၃၀ ရက်အထိ တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေမှာ တရား မဝင် စက်သုံးဆီ သယ်ယူဖြန့်ဖြူး ရောင်းချမှု ၅၅၃ ကြိမ် ရှိခဲ့ပြီး ငွေကျပ် ၁၈၉၂၂ သန်းကျော် တန်ဖိုးရှိတဲ့ စက်သုံးဆီ တန်ချိန် ၃၀၃၇ တန်ခန့်ကို သိမ်းဆည်းရမိခဲ့လို့ ရေနံထွက်ပစ္စည်းဆိုင်ရာ ဥပဒေနဲ့အညီ အရေးယူ ဆောင်ရွက်ခဲ့ရတယ်လို့ ထုတ်ပြန်ချက်အရ သိရပါတယ်။
တရားဝင်လုပ်ငန်းလိုင်စင် ရယူပြီး လုပ်ငန်းတွေ လုပ်ကိုင်ဆောင်ရွက်ပေမဲ့လည်း ဥပဒေပြဋ္ဌာန်းချက်တွေ၊ လမ်း ညွှန်ချက်တွေနဲ့အညီ ဆောင်ရွက်မှု မရှိတာကို စိစစ်တွေ့ရှိရရင်လည်း ရေနံနှင့်ရေနံထွက်ပစ္စည်းဆိုင်ရာ ဥပဒေ ပြဋ္ဌာန်းချက်အရ စီမံခန့်ခွဲရေး နည်းလမ်းနဲ့ အရေးယူဆောင်ရွက်သွားမှာဖြစ်ပြီး သတ်မှတ်ထားတဲ့ ဒဏ်ကြေးငွေ တပ်ရိုက်တာ၊ လိုင်စင်ကို ကာလ အကန့်အသတ်နဲ့ ရပ်ဆိုင်းတာ၊ လိုင်စင်ကို အမြဲတမ်း ရုပ်သိမ်းတာ ဒါမှမဟုတ် ပယ်ဖျက်တာ စတဲ့ အရေးယူမှုတွေကို ဆောင်ရွက်နိုင်တယ်လို့ သိရပါတယ်။


