မြောက်ကိုရီးယားနိုင်ငံခြားရေးဝန်ကြီးက ပူတင်ကို သွားရောက်တွေ့ဆုံ

မြောက်ကိုရီးယားနိုင်ငံခြားရေးဝန်ကြီး ချိုဆန်ဟွေသည် တနင်္လာနေ့က ခရမ္မလင်နန်းတော်တွင် ရုရှားသမ္မတ ဗလာဒီမာပူတင်ကို သွားရောက်တွေ့ဆုံခဲ့ကာ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှုကို ခိုင်မာအားကောင်းစေရေးအတွက် ဆွေးနွေးခဲ့သည်ဟု မြောက်ကိုရီးယားအစိုးရပိုင် ကေစီအင်န်အေသတင်းဌာနက အင်္ဂါနေ့တွင် သတင်း ရေးသားဖော်ပြခဲ့သည်။

နှစ်နိုင်ငံဆက်ဆံရေးကို စဉ်ဆက်မပြတ် ခိုင်မာအားကောင်းရန်နှင့် ပိုမိုဖွံ့ဖြိုးတိုးတက်စေမည့် အနာဂတ်စီမံကိန်းများကို ဆွေးနွေးခဲ့သည်ဟု ကေစီအင်န်အေက ပြောသည်။ မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်က ပူတင်ကို “ညီရင်းအစ်ကိုပမာ” လေးစားသမှုထားရှိကြောင်းကိုလည်း ချိုက သတင်းစကားပါးခဲ့သည်။

ချိုသည် တနင်္လာနေ့တွင် ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂီလက်ဗရော့ဗ်နှင့်လည်း ဆွေးနွေးခဲ့ပြီး ကမ္ဘာ့ရေးရာများနှင့်ပတ်သက်၍ အရေးကြီးသော ဆွေးနွေးမှုများတွင် အချက်အလက်အားလုံး၌ သဘောတူညီမှုရရှိခဲ့သည်ဟု ကေစီအင်န်အေက ဆက်လက်ဖော်ပြခဲ့သည်။

လက်ဗရော့ဗ်နှင့် ဆွေးနွေးစဥ် ချိုက ယူကရိန်းပဋိပက္ခ၏ အရင်းအမြစ်ကို ရှင်းလင်မည့် ရုရှား၏ အစီအမံများကို မြောက်ကိုရီးယားအနေဖြင့် ထောက်ခံကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်။ တဖန် ရုရှားဘက်ကလည်း မြောက်ကိုရီးယား၏ လုံခြုံရေးအကျိုးစီးပွားနှင့် အချုပ်အခြာအာဏာပိုင်အခွင့်အရေးများကို ကာကွယ်ရန်ကြိုးပမ်းမှုများကို ထောက်ခံကြောင်း ပြောကြားခဲ့သည်ဟု ကေစီအင်န်အေက ဖော်ပြခဲ့သည်။

image