မွန်သာမုန်တိုင်းကြောင့် အိန္ဒိယတွင် အရေးပေါ်ရွှေ့ပြောင်းပေးနေရ
-------------------------

အားကောင်းတဲ့ ဆိုင်ကလုန်း မုန်တိုင်းတစ်ခု ဦးတည်လာနေတာကြောင့် အိန္ဒိယနိုင်ငံမှာ လူပေါင်းငါးသောင်း ကျော်ကို အရေးပေါ် ရွှေ့ပြောင်းပေးဖို့ စီစဉ်နေတယ်လို့ အောက်တိုဘာ ၂၇ ရက်က Reuters သတင်းမှာ ဖော်ပြထားပါတယ်။

အောက်တိုဘာ ၂၇ ရက်က နိုင်ငံ အရှေ့တောင်ပိုင်း ကမ်းရိုးတန်းဒေသတွေ၊ မြေနိမ့်ပိုင်းတွေမှာ နေထိုင်သူတွေကို ယာယီ ခိုလှုံရေးစခန်းတွေဆီ စတင်ပြောင်းရွှေ့ နေရာချပေးနေတယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။

ဘင်္ဂလားပင်လယ်အော် အနောက်ဘက်ခြမ်းမှာ မြောက်ဘက်ကို ဦးတည်ရွေ့လျားနေတဲ့ ဆိုင်ကလုန်းမုန်တိုင်း မွန်သာဟာ ကမ်းရိုးတန်းဆီ ချဉ်းကပ်လာချိန်မှာ တဖြည်းဖြည်း ပိုမို အားကောင်းလာနေတယ်လို့ မိုးလေဝသ ပညာရှင်တွေက ပြောပါတယ်။

မုန်တိုင်းဟာ တဖြည်းဖြည်း ပိုမိုအားကောင်းလာနေတာကြောင့် ကမ်းရိုးတန်းဒေသတွေမှာ အရေးပေါ် ပြောင်းရွှေ့ မှုတွေ လုပ်နေသလို အန်ဒ်ဟရာ ပရာဒက်ရှ်နဲ့ အနီးက ဩရိဿပြည်နယ်တွေမှာလည်း ကျောင်းတွေနဲ့ တက္ကသိုလ် ကောလိပ်တွေကို ပိတ်ထားရပါတယ်။

အိန္ဒိယ မိုးလေဝသအေဂျင်စီကတော့ မွန်သာရဲ့ လေတိုက်နှုန်းဟာ အောက်တိုဘာ ၂၈ ရက် မနက်ပိုင်းလောက်မှာ ပိုမို ပြင်းထန်လာနိုင်ပြီး မုန်တိုင်းဒဏ်ကို လူပေါင်း လေးသန်းလောက် သက်ရောက် ခံစားရဖွယ်ရှိတယ်လို့ ခန့်မှန်း ထားပါတယ်။

image