နိုင်ငံရေးပါတီများ မဲဆွယ်စည်းရုံးမှု စတင်
--------------------------
ဒီဇင်ဘာ ၂၈ ရက်မှာ စတင်ကျင်းပမဲ့ အထွေထွေရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်မဲ့ နိုင်ငံရေးပါတီတွေဟာ မဲဆွယ်စည်းရုံးမှုတွေကို အောက်တိုဘာ ၂၈ ရက်က စတင်ပြုလုပ်နေပြီ ဖြစ်တယ်လို့ နိုင်ငံရေးပါတီတွေက ပြောပါတယ်။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က မဲဆွယ်စည်းရုံးခွင့်ကာလကို အောက်တိုဘာ၂၈ ရက်၊ မနက် ၆ နာရီကနေ ဒီဇင်ဘာ၂၆ ရက် ည ၁၂ နာရီအထိ ရက်ပေါင်း ၆၀ ခွင့်ပြုကြောင်း ကြေညာချက် ထုတ်ပြန်ခဲ့ပြီး ဖြစ်ပါတယ်။ လွှတ်တော်ကိုယ်စားလှယ်လောင်းတွေ၊ နိုင်ငံရေးပါတီတွေအနေနဲ့ လွတ်လပ်တရားမျှတပြီး အေးချမ်းတည်ငြိမ်တဲ့ ရွေးကောက်ပွဲတွေ ဖြစ်ရေးအတွက် ရွေးကောက်ပွဲဆိုင်ရာ စုဝေးဟောပြောတာနဲ့ မဲဆွယ်စည်းရုံးတာတွေကို သက်ဆိုင် ရာလွှတ်တော်ရွေးကောက်ပွဲ နည်းဥပဒေပါ ပြဋ္ဌာန်းချက်တွေအတိုင်း ဆောင်ရွက်ရမှာ ဖြစ်တယ်လို့ ဆိုပါတယ်။
ရွေးကောက်ပွဲ မဲဆွယ်ကာလ ရက်ပေါင်း ၆၀ အတွင်း မဲဆန္ဒနယ်အားလုံး လွှမ်းခြုံနိုင်အောင် စည်းရုံးရေးလုပ်ငန်း တွေကို ကြိုးစားပြင်ဆင်နေပြီး အခက်အခဲတချို့ ရှိတယ်လို့ ပြည်သူ့ပါတီဥက္ကဋ္ဌ ဦးကိုကိုကြီးက ပြောပါတယ်။ ပြည်သူ့ပါတီအနေနဲ့ကတော့ အချက် ၃၀ ပါဝင်တဲ့ ရွေးကောက်ပွဲကြေညာစာတမ်းကို ထုတ်ပြန်ထားပြီးဖြစ်သလို ငြိမ်း ချမ်းရေးနဲ့တည်ငြိမ်အေးချမ်းမှု ရရှိစေဖို့က အဓိက ဦးစားပေး ဖြစ်တယ်လို့ ဆိုပါတယ်။
လွှတ်တော်ကိုယ်စားလှယ်လောင်း အများဆုံး ယှဉ်ပြိုင်မဲ့ ပြည်ခိုင်ဖြိုးပါတီကတော့ ရွေးကောက်ပွဲကော်မရှင်က ထုတ် ပြန်ထားတဲ့ သတ်မှတ်ချက်တွေနဲ့အညီ မဲဆွယ်မှာဖြစ်ပြီး လူမှုကွန်ရက်ပလက်ဖောင်းတွေကလည်း ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်သွားမှာဖြစ်တယ်လို့ ပြည်ခိုင်ဖြိုးပါတီ ပြောရေးဆိုခွင့်ရှိသူ ဦးသိန်းထွန်းဦးက ပြောပါတယ်။ ပြည်ခိုင်ဖြိုးပါတီအနေနဲ့လည်း ရွေးကောက်ပွဲ ကြေညာစာတမ်းကို မကြာခင် ထုတ်ပြန်သွားမယ်လို့ ဆိုပါတယ်။
အထွေထွေရွေးကောက်ပွဲရဲ့ မဲဆန္ဒနယ်အချို့မှာ ပြိုင်ဘက်မရှိ တစ်ဦးတည်း ဝင်ရောက်အရွေးချယ်ခံမဲ့ လွှတ်တော် ကိုယ်စားလှယ်လောင်းအချို့ဟာ လွှတ်တော်အမတ် ဖြစ်လာမှာဖြစ်ပြီး အဲဒီထဲမှာ ပြည်ခိုင်ဖြိုးပါတီက မဲဆန္ဒနယ် ၂၈ နေရာနဲ့ အများဆုံးဖြစ်တယ်လို့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်တဲ့စာရင်းတွေအရ သိရပါတယ်။
ရှမ်းနှင့်တိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ(SNDP)ကတော့ ရွေးကောက်ပွဲ မဲဆွယ်ကာလမှာ လက်ကမ်းစာ စောင် တွေ ပေးဝေတာကို အဓိက လုပ်ဆောင်မှာဖြစ်ပြီး လူမှုကွန်ရက် ပလက်ဖောင်းအသီးသီးကလည်း မဲဆွယ်စည်းရုံး တာတွေ လုပ်ဆောင်သွားမှာ ဖြစ်တယ်လို့ ပါတီဥက္ကဋ္ဌ ဦးစိုင်းအိုက်ပေါင်းက ပြောပါတယ်။
လွှတ်တော်အလိုက် မဲဆန္ဒနယ်အသီးသီးမှာ အမည်စာရင်းတင်သွင်းတဲ့ ကိုယ်စားလှယ်လောင်း ၅၀၂၃ ယောက်ရှိပြီး ဖွဲ့စည်းပုံအခြေခံဥပဒေ၊ သက်ဆိုင်ရာ လွှတ်တော်ရွေးကောက်ပွဲဥပဒေ၊ နည်းဥပဒေတွေနဲ့ ညီညွတ်မှု မရှိတဲ့အတွက် ပယ်ဖျက်ခဲ့တဲ့ ကိုယ်စားလှယ်လောင်း ၈၆ ယောက် ရှိတယ်လို့ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က One News ရဲ့ မေးမြန်းမှုအပေါ် ပြန်လည်ဖြေကြားထားပါတယ်။
လာမဲ့အထွေထွေရွေးကောက်ပွဲ ပထမအကြိမ်မှာ ၁၀၂ မြို့နယ်၊ ဒုတိယအကြိမ်မှာ မြို့နယ် ၁၀၀ မှာ ဆောင်ရွက်မှာ ဖြစ်ပြီး ကျန်ရှိတဲ့ မြို့နယ်တွေကို တတိယအကြိမ်အဖြစ် ဆောင် ရွက်သွားမှာ ဖြစ်တယ်လို့လည်း နိုင်ငံတော်ယာယီ သမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားထားပါတယ်။