ကမ္ဘောဒီးယားစစ်သားများကို ထိုင်းလွှတ်ပေးရန် ထရမ့် မျှော်လင့်
-------------------
ထိုင်းနိုင်ငံအနေနဲ့ ကမ္ဘောဒီးယားစစ်သား ၁၈ ယောက်ကို ချက်ချင်းလွှတ်ပေးဖို့ မျှော်လင့်ကြောင်း အောက်တိုဘာ ၂၇ ရက်က အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ပြောကြားလာတာကို Reuters သတင်းမှာ ဖော်ပြထားပါတယ်။
ထရမ့်ရှေ့မှောက်မှာ နိုင်ငံခေါင်းဆောင်တွေက အပစ်အခတ်ရပ်စဲရေးသဘောတူညီချက်ကို လက်မှတ်ရေးထိုးပြီး နောက် ကမ္ဘောဒီးယားစစ်သား ၁၈ ယောက်ကို ချက်ချင်းလွှတ်ပေးဖို့ ထရမ့်က ပြောဆိုလာတာဖြစ်တယ်လို့ အမေရိကန်နိုင်ငံခြားရေးဌာန အကြီးတန်းအရာရှိတစ်ယောက်က ပြောကြားခဲ့ပါတယ်။ ကတိကဝတ်အားလုံးနဲ့ ပတ်သက်ပြီး လုပ်ငန်းစဉ်ကို လက်မှတ်ရေးထိုးပြီးတာနဲ့ စတင်ဖို့လည်း မျှော်လင့်တယ်လို့ ထရမ့်က ပြောခဲ့တယ်လို့ ဆိုပါတယ်။
သမ္မတထရမ့်ရဲ့ ကုန်သွယ်ရေး ဖိအားပေးမှုကြောင့် ပြီးခဲ့တဲ့ ဇူလိုင်လ နှောင်းပိုင်းက ထိုင်း-ကမ္ဘောဒီးယား အပစ် အခတ်ရပ်စဲရေး ဖြစ်မြောက်ခဲ့ပြီး လူနှစ်ဆယ်ကျော် သေဆုံးခဲ့ရတဲ့ (၅)ရက်ကြာ တိုက်ခိုက်မှုတွေကို အဆုံးသတ် နိုင်ခဲ့တာ ဖြစ်ပါတယ်။ ထိုင်း-ကမ္ဘောဒီးယား အပစ်အခတ်ရပ်စဲရေး သဘောတူအပြီး အမေရိကန်နဲ့ထိုင်း၊ အမေရိကန်နဲ့ ကမ္ဘောဒီးယား တိုရဲ့ ကုန်သွယ်ရေး သဘောတူညီချက်တွေကို လက်မှတ်ရေးထိုးခဲ့ကြပါတယ်။