ဘာစီလိုနာနှင့်ပွဲတွင် ဂိုးသွင်းနိုင်ပြီးနောက် ရော်နယ်ဒို၊ ရော်နယ်ဒင်ဟိုတို့နှင့်အတူ Clasico ဂန္ထဝင်ဖြစ်လာတဲ့ ကိုင်လီယန်ဘက်ပေး
======================
ကိုင်လီယန်ဘက်ပေးဟာ မနေ့ညတုန်းက ခါးသီးတဲ့ ပြိုင်ဘက် ဘာစီလိုနာနှင့်ပွဲတွင် ဂိုးသွင်းယူနိုင်ခဲ့ပြီးနောက် ခရစ္စတီယာနိုရော်နယ်ဒို၊ ရော်နယ်ဒင်ဟိုတို့နှင့်အတူ Clasico ဂန္ထဝင်တစ်ဦး ဖြစ်လာခဲ့ပါတယ်။
ပြင်သစ်နှင့်အတူ ကမ္ဘာ့ဖလားဆွတ်ခူးထားတဲ့ ဘက်ပေးဟာ ၂၀၂၄ ခုနှစ်တွင် ဆန်တီယာဂိုဘာနေဗျူးသို့ ဂလက်တီကို အဖြစ် ရောက်လာပြီးနောက် ချက်ချင်းဆိုသလို အရေးပါတဲ့ကစားသမားအဖြစ် ခြေစွမ်းပြနေသူလည်း ဖြစ်ပါတယ်။
သူဟာ ရီးရဲလ်မက်ဒရစ်သို့ ရောက်လာပြီးနောက် ပထမဆုံးရာသီတွင် ဘာစီလိုနာနှင့် ရင်ဆိုင်တွေ့တဲ့ ၄ ပွဲလုံး အရှုံးနှင့်သာ ရင်ဆိုင်ခဲ့ရပါတယ်။
သူဟာ ဘာစီလိုနာနှင့် ပထမဆုံးတွေ့တဲ့ပွဲတွင် ဂိုးမသွင်းနိုင်ခဲ့ဘဲ ၄-၀ ဖြင့် အရေးနိမ့်ခဲ့ပါတယ်။
ဒါပေမယ့် သူဟာ စပိန်စူပါဖလားမှာ ဘာစီလိုနာကို ၅-၂ ဂိုးဖြင့် ရှုံးနိမ့်တဲ့ပွဲမှာတော့ ဂိုးသွင်းနိုင်ခဲ့ပါတယ်။
ဒါ့အပြင် သူဟာ ဧပြီလတုန်းက ဘာစီလိုနာကို ၃-၂ ဖြင့် ရှုံးနိမ့်တဲ့ ကိုပါဒယ်ရေးပွဲမှာလည်း ထပ်မံ ဂိုးသွင်းနိုင်ခဲ့ပါတယ်။
သူဟာ မေလ ၁၁ ရက်နေ့ ဘာစီလိုနာနှင့်ပွဲမှာ ဟက်ထရစ်သွင်းယူနိုင်ခဲ့ပေမယ့်လည်း ၄-၃ ဂိုးဖြင့် ရှုံးနိမ့်ခဲ့ပြန်ပါတယ်။
ဒါပေမယ့် မနေ့ညက ဘာနေဗျူးပွဲမှာတော့ ဘက်ပေးဟာ နောက်ထပ် ဂိုးထပ်မံသွင်းယူခဲ့သလို ရီးရဲလ်မက်ဒရစ်ကစားသမားအဖြစ် ပထမဆုံး ဘာစီလိုနာနိုင်ပွဲ ရလာခဲ့ပါတယ်။
သူဟာ ဘာစီလိုနာနှင့် ထိပ်တိုက်တွေ့တဲ့ ၄ ပွဲဆက် ဂိုးသွင်းနိုင်မှုနှင့်အတူ ခရစ္စတီယာနိုရော်နယ်ဒို၊ ရော်နယ်ဒင်ဟိုတို့နှင့်အတူ ၂၁ ရာစုအတွင်း El Clasico ပွဲမှာ ၄ ပွဲဆက် ဂိုးသွင်းနိုင်တဲ့ တတိယမြောက် ကစားသမား ဖြစ်လာပါတယ်။
သူဟာ El Clasico ၄ ပွဲဆက် ဂိုးသွင်းထားနိုင်ပြီး ၆ ဂိုးအထိ သွင်းထားပါတယ်။ ခရစ္စတီယာနိုရော်နယ်ဒိုမှာ ၂၀၁၂ ခုနှစ်တွင် El Clasico ပွဲ ၆ ပွဲကစားထားရာမှာ ၇ ဂိုးသွင်းခဲ့ပြီး ရော်နယ်ဒင်ဟိုမှာလည်း ၂၀၀၄ မှ ၂၀၀၆ အတွင်း ၄ ပွဲမှာ ၅ ဂိုးသွင်းခဲ့ပါတယ်။
ဒါ့အပြင် မနေ့ညတုန်းက ဘက်ပေး ဂိုးသွင်းနိုင်အောင် ဖန်တီးပေးခဲ့တဲ့အပြင် ကိုယ်တိုင်လည်း အနိုင်ဂိုးသွင်းယူခဲ့တဲ့ ဂျူ့ဘယ်လင်ဂမ်မှာလည်း အသက် ၂၂ နှစ်ဖြင့် El Clasico ပွဲတွင် ၂၁ ရာစုအတွင်း တစ်ပွဲတည်းမှာ ဂိုးရော ဖန်တီးမှု ပြုလုပ်နိုင်သူတဲ့ အသက်အငယ်ဆုံး ကစားသမားဖြစ်လာပါတယ်။
ယခင်တုန်းက ဒီစံချိန်ကို ၂၀၂၃ ခုနှစ် ဧပြီလတုန်းက ကိုပါဒယ်ရေးပွဲမှာ ဗီနီရှပ်စ်ဂျူနီယာက ရေးထိုးထားခဲ့တာပါ။