လူစားလဲလှယ်ခြင်းခံရမှုအပေါ် အကြီးအကျယ်ဒေါသထွက်ခဲ့တဲ့ ဗီနီရှပ်စ်နှင့် စကားပြောသွားမယ်လို့ အလွန်ဆိုအတည်ပြုလာ
=========================

ဇာဘီးအလွန်ဆိုက စနေနေ့တုန်းက ဘာစီလိုနာအား ၂-၁ ဂိုးဖြင့် အနိုင်ရတဲ့ပွဲတွင် လူစားလဲလှယ်ခြင်းခံရပြီးနောက် အကြီးအကျယ်ဒေါသထွက်ခဲ့တဲ့ ဗီနီရှပ်စ်ဂျူနီယာနှင့် စကားပြောသွားမယ်လို့ ပြောကြားလာပါတယ်။

ဗီနီရှပ်စ်ဟာ ရီးရဲလ်မက်ဒရစ်တို့ တတိယဂိုး ရရှိရေး ကြိုးပမ်းနေချိန် ပွဲချိန် ၇၂ မိနစ်မှာ လူစားလဲလှယ်ခြင်းခံရမှုအပေါ် မယုံနိုင်အောင် ဖြစ်ခဲ့ပါတယ်။

ဘရာဇီးလက်ရွေးစင်ဟာ ရိုဒရီဂိုနှင့် လူစားလဲလှယ်ခြင်းခံရပြီးနောက် ကွင်းအတွင်းမှ ဒေါသတကြီး ထွက်ခွာသွားခဲ့ကာ ခေါင်းခါ၊ လက်မြှောက်ပြုလုပ်ခဲ့ပါတယ်။

အသက် ၂၅ နှစ်ရှိ ဗီနီရှပ်စ်ဟာ အရန်ခုံသို့ မသွားဘဲ ဥမင်လှိုဏ်ခေါင်းသို့ ဆင်းသွားခဲ့ပါတယ်။ ဒါပေမယ့် သူဟာ အရန်ခုံသို့ ပြန်လာပြီး ပွဲကို ဆက်ကြည့်ခဲ့ပါတယ်။

ပွဲပြီးခါနီးအချိန်တွင် ချူကွာမီနီကို ပြစ်ဒဏ်ကျူးလွန်မှုအတွက် ရိုဒရီ နှစ်ဝါတစ်နီဖြင့် ထုတ်ပယ်ခံရချိန်တွင် နှစ်ဖက်ကစားသမားများ ရုန်းရင်းဆန်ခတ်ဖြစ်ခဲ့ပြီး အရန်ခုံတွင် ထိုင်နေခဲ့တဲ့ ဗီနီရှပ်စ်လည်း ပါဝင်ခဲ့ပါတယ်။

ဒါ့အပြင် ဗီနီရှပ်စ်ဟာ ပွဲအပြီး နှစ်ဖက်ကစားသမားများ ရုန်းရင်းဆန်ခတ်ဖြစ်မှုတွင်လည်း ပါဝင်ခဲ့ပါတယ်။

ယခုအခါ အလွန်ဆိုက လူစားလဲလှယ်ခြင်းခံရမှုအပေါ် အကြီးအကျယ် ဒေါသထွက်ခဲ့တဲ့ ဗီနီရှပ်စ်နှင့် စကားပြောလာမှာ ဖြစ်ကြောင်း အတည်ပြုလာပါတယ်။

ဗီနီရှပ်စ်ဟာ နည်းပြအလွန်ဆိုလက်အောက်တွင် တစ်ပွဲတည်းသာ ပွဲချိန်ပြည့်ကစားထားရပြီး လာလီဂါပွဲတိုင်း လူစားလဲလှယ်ခြင်းခံနေရပါတယ်။

အလွန်ဆိုက "ဗီနီရဲ့ စရိုက်လား။ ဘယ်အဝတ်အစားလဲခန်းမှာ ကွဲပြားတဲ့စရိုက်တွေ ရှိနေပါတယ်။ အခု ကျွန်တော်တို့ ဒီနိုင်ပွဲကို အောင်ပွဲခံမယ်။ ပြီးရင်တော့ သေချာပေါက် စကားပြောမယ်"လို့ ပြောကြားသွားပါတယ်။

ဗီနီရှပ်စ်ဟာ ယခုရာသီ အလွန်ဆိုရဲ့ လက်အောက်တွင် မာဆေးနှင့် ချန်ပီယံလိဂ်ပွဲ၊ ဂီတာဖေး၊ အိုဗီဒိုတို့နှင့် လာလီဂါပွဲစဉ်များတွင်လည်း အရန်ခုံသို့ အပို့ခံခဲ့ရဖူးပါတယ်။

ဒါပေမယ့် ဗီနီရှပ်စ်ဟာ ယခုရာသီတွင် ရီးရဲလ်မက်ဒရစ်အတွက် ၅ ဂိုးသွင်းကာ ၄ ကြိမ် ဖန်တီးပြီး အကောင်းဆုံးပုံစံ ဆက်လက် ပြသနေပါတယ်။

ရီးရဲလ်မက်ဒရစ်ဟာ ယခုရာသီတွင် ပြီးခဲ့တဲ့ မက်ဒရစ်ဒါဘီပွဲတွင် ၅-၂ ဖြင့် ရှုံးနိမ့်တဲ့ ပွဲတစ်ပွဲတည်းသာ ရှုံးနိမ့်ထားပြီး အိမ်ကွင်းပွဲ ၅ ပွဲလုံး အနိုင်ရရှိထားပါတယ်။

image