အိမ်တွင်းအကြမ်းဖက်မှုကြောင့် ဘိုင်ယန်နည်းပြအဖွဲ့မှ နုတ်ထွက်လာရတဲ့ ဘိုတန်း
====================
ဘိုင်ယန်မြူးနစ်ဂန္ထဝင်ဂျီရီုမီဘိုတန်းဟာ အိမ်တွင်း အကြမ်းဖက်မှုကြောင့် အရေးယူခြင်းခံရပြီးနောက် ပရိသတ်များရဲ့ ဆန့်ကျင်မှုခံရကာ ဘိုင်ယန်မြူးနစ်နည်းပြအဖွဲ့မှ နုတ်ထွက်လိုက်ရပါတယ်။
အသက် ၃၇ နှစ်ရှိ ဘိုတန်းဟာ ဘိုင်ယန်မြူးနစ်တွင် ကစားတဲ့ ၁၀ နှစ်တာကာလအတွင်း ဆုဖလားအားလုံး ဆွတ်ခူးခဲ့သူလည်း ဖြစ်ပါတယ်။
ဒါပေမယ့် သူဟာ ၂၀၂၁ ခုနှစ်တွင် ဘိုင်ယန်မြူးနစ်မှ ထွက်ခွာပြီးနောက်မှာတော့ ကွင်းပြင်ပပြဿနာများနှင့် ရင်ဆိုင်လာရပါတယ်။
သူဟာ ၂၀၁၈ ခုနှစ်တုန်းက ဇနီးသည်အား ဒဏ်ရာအနာတရရအောင် အိမ်တွင်း အကြမ်းဖက်မှု ပြုလုပ်ကြောင်း စစ်ဆေးတွေ့ရှိရပြီးနောက် ပြီးခဲ့တဲ့နှစ်တုန်းက အပြင်းအထန် သတိပေးခြင်းခံခဲ့ရသလို ပေါင် ၁၆၈၀၀၀ လည်း ဆိုင်းငံ့ ဒဏ်ငွေချမှတ်ခံခဲ့ရပါတယ်။
ဒါပေမယ့် ဂျာမနီလက်ရွေးစင်ဟောင်းဟာ အောက်တိုဘာလ ၁၇ ရက်နေ့အထိ ဘိုင်ယန်မြူးနစ်နည်းပြအဖွဲ့တွင် တာဝန်ထမ်းဆောင်ခွင့်ရခဲ့တုန်း ဖြစ်ပါတယ်။
ဒါပေမယ့် သူဟာ ဒေါ့မွန်ကို ၂-၁ ဖြင့် အနိုင်ရတဲ့ ပွဲစဉ်တွင် ပရိသတ်များက ဆိုင်းဘုတ်ကိုင်ပြီး ဆန့်ကျင်မှုနှင့် ကြုံလာရချိန်မှာတော့ ဘိုင်ယန်မြူးနစ်နည်းပြအဖွဲ့အဖြစ်မှ နုတ်ထွက်လာရပါတယ်။
ပရိသတ်များဟာ “Whoever gives the perpetrator space shares his guilt. Boateng, p*** off!” ဆိုတဲ့စာသားပါ နဖူးစည်းကို ကိုင်ခဲ့ကြတာလည်း ဖြစ်ပါတယ်။
ဒါ့အပြင် အိမ်တွင်း အကြမ်းဖက်မှု ပြုလုပ်တဲ့ ဘိုတန်းအား ဘိုင်ယန်မြူးနစ်သို့ ပြန်မလာစေရေး ထောက်ခံလက်မှတ်ကောက်ယူမှုလည်း ရှိနေပါတယ်။
ဒါကြောင့်လည်း ပရိသတ် ဆန့်ကျင်မှုနှင့် ကြုံရပြီး တစ်ပတ်အကြာမှာတော့ ဘိုတန်းဟာ သူချစ်တဲ့ကလပ်ကို ထိခိုက်စေလိုခြင်း မရှိမှုနှင့်အတူ ရာထူးမှ နုတ်ထွက်လာပါတယ်။
ဘိုတန်းဟာ လက်ရှိ ဘိုင်ယန်မြူးနစ်နည်းပြဗင်းဆင့်ကွန်ပနီနှင့် မန်စီးတီးတွင် အတူတွဲကစားခဲ့သူလည်း ဖြစ်ပါတယ်။