၂၀၂၅ ခုနှစ် ဒီဇင်ဘာလတွင် ကျင်းပမည့် JLPT စာမေးပွဲအတွက် စာမေးပွဲဖြေဆိုခွင့်ကတ်ပြား (Online Test Voucher) နိုဝင်ဘာ ၁ ရက်မှစ၍ ထုတ်ယူနိုင်

၂၀၂၅ ခုနှစ် ဒီဇင်ဘာလတွင် ကျင်းပမည့် JLPT စာမေးပွဲအတွက် စာမေးပွဲဖြေဆိုခွင့်ကတ်ပြား (Online Test Voucher) နိုဝင်ဘာ ၁ ရက်မှစ၍ ထုတ်ယူနိုင်ကြောင်း JLPT စာမေးပွဲကျင်းပရေးကော်မတီ မြန်မာနိုင်ငံဂျပန်ပြန်ပညာသင်ဟောင်းအသင်းက အသိပေးထုတ်ပြန်ထားသည်။

ထုတ်ပြန်ချက်အရ ၂၀၂၅ ခုနှစ် ဒီဇင်ဘာလ စာမေးပွဲအတွက် Online မှ လျှောက်ထားသူများအနေဖြင့် နိုဝင်ဘာ ၁ ရက်မှစတင်၍ စာမေးပွဲဖြေဆိုသည့်နေ့အထိ စာမေးပွဲဖြေဆိုခွင့်ကတ်ပြား (Online Test Voucher) အား ထုတ်ယူနိုင်ပြီဖြစ်ကြောင်း သိရသည်။

စာမေးပွဲဖြေဆိုသည့်နေ့တွင် စာမေးပွဲဖြေဆိုခွင့်ကတ်ပြား (Online Test Voucher) အား Color Print ထုတ်၍ ယူဆောင်လာရမည် ဖြစ်ပြီး ဖုန်းဖြင့်ပြသ၍မရကြောင်း၊ စာမေးပွဲလာရောက်ဖြေဆိုသည့်နေ့တွင် စာမျက်နှာလုံး သုံးခုလုံး color Print ထုတ်၍ ယူဆောင်လာရန် လိုအပ်ကြောင်း JLPT စာမေးပွဲကျင်းပရေးကော်မတီ မြန်မာနိုင်ငံဂျပန်ပြန်ပညာသင်ဟောင်းအသင်းက အသိပေးထုတ်ပြန်ထားသည်။

၂၀၂၅ ခုနှစ် ဒီဇင်ဘာလ စာမေးပွဲအတွက် တစ်ဦးချင်းလျှောက်ထားသူများအား ဩဂုတ် ၄ ရက်မှ ဩဂုတ် ၁၄ ရက်အထိ လက်ခံခဲ့ပြီးဖြစ်သော်လည်း စာဖြေဌာနများတွင် ခုံနေရာ ထပ်မံတိုးမြင့်နေရာချထားနိုင်မည် ဖြစ်သောကြောင့် တစ်ဦးချင်းအလိုက် လျှောက်ထားမှုများအတွက် လျှောက်ထားခြင်းကာလကို ဩဂုတ် ၂၁ ရက်နှင့် ၂၂ ရက်အား မနက် ၉ နာရီမှ မွန်းလွဲ ၃ နာရီအထိ တိုးမြှင့်သက်မှတ်လက်ခံခဲ့ကြောင်း သိရသည်။

image