El Clasico ပွဲတွင် ရင့်သီးတဲ့ အပြုအမူပြုလုပ်ခဲ့မှုအတွက် အရေးယူခြင်းခံရဖို့ ရှိနေတဲ့ ဘယ်လင်ဂမ်
=======================
ရီးရဲလ်မက်ဒရစ်ကွင်းလယ်ကစားသမားဂျူ့ဘယ်လင်ဂမ်ဟာ ဘာစီလိုနာနှင့် El Clasico ပွဲစဉ်တွင် ယူရို ၂၀၂၄ တုန်းက ပြုလုပ်ခဲ့တဲ့ ရင့်သီးတဲ့ အပြုအမူ ထပ်မံ ပြုလုပ်မှုအတွက် ပြင်းထန်တဲ့ အရေးယူခြင်းခံလာရဖို့ ရှိနေပါတယ်။
အသက် ၂၂ နှစ်ရှိ အင်္ဂလန်ကွင်းလယ်ကစားသမားဟာ ဆလိုဗက်ကီးယားကို ၂-၁ ဖြင့် အနိုင်ရတဲ့ ယူရို ၂၀၂၄ ပွဲစဉ်တွင် ပရိသတ်များရှိရာသို့ ငယ်ပါညှစ်တဲ့ ပုံစံပြုလုပ်ပြခဲ့မှုကြောင့် ပေါင် ၂၅၀၀၀ ဒဏ်ရိုက်ခြင်းခံခဲ့ရတဲ့အပြင် ဆိုင်းငံ့ ၁ ပွဲပယ်ပြစ်ဒဏ်ချမှတ်ခံခဲ့ရပါတယ်။
ယခု ဘယ်လင်ဂမ်ဟာ တနင်္ဂနွေနေ့ညတုန်းက ဘာနေဗျူးကွင်းတွင် ဘာစီလိုနာအား ၂-၁ ဖြင့် အနိုင်ရတဲ့ပွဲတွင် အထက်ပါ အပြုအမူမျိုး ထပ်မံ ပြုလုပ်ခဲ့ပြန်ပါတယ်။
ဘယ်လင်ဂမ်ဟာ မနေ့ညတုန်းက El Clasico ပွဲစဉ်တွင် ဘက်ပေး ဂိုးသွင်းနိုင်အောင် ဖန်တီးမှု ပြုလုပ်ခဲ့တဲ့အပြင် ကိုယ်တိုင်လည်း တစ်ဂိုးသွင်းယူပေးခဲ့သူ ဖြစ်ပါတယ်။
သူဟာ El Clasico ပွဲစဉ်တွင် လျာထုတ်ပြကာ ငယ်ပါအား ညှစ်တဲ့ပုံစံ ပြုလုပ်ခဲ့ပါတယ်။
မနေ့ညက El Clasico ပွဲစဉ်တွင် ပွဲပြီးခါနီးတွင် ပီဒရီ အထုတ်ခံရစဉ် နှစ်ဖက်ကစားသမားများ ရုန်းရင်းဆန်ခတ် ဖြစ်ပါတယ်။ ဒါ့အပြင် ပွဲအပြီးတွင်လည်း နှစ်ဖက်ကစားသမားတို့ ရုန်းရင်းဆန်ခတ်ဖြစ်ခဲ့ပါတယ်။
ရီးရဲလ်မက်ဒရစ်အသင်းခေါင်းဆောင်ဒါနီကာဗာဂျယ်နှင့် ဗီနီရှပ်စ်တို့ဟာ El Clasico ပွဲမတိုင်မီ ပွဲများတွင် ရီးရဲလ်မက်ဒရစ်တို့ ဓားပြတိုက်မှု၊ စောဒကတက်မှုများ ပြုလုပ်တယ်ဆိုပြီး ပြောဆိုခဲ့တဲ့ လာမိန်းယာမဲလ်အား ပစ်မှတ်ထားခဲ့ကြတာ တွေ့ရပါတယ်။
ဘယ်လင်ဂမ်ဟာလည် ပွဲအပြီးတွင် “Talk is cheap. HALA MADRID SIEMPRE!!!” ဆိုပြီး အင်စတာဂရမ်မှာ စာရေးသား ပို့စ်တင်ခဲ့ပါတယ်။
လက်ရှိအချိန်တွင် ဘယ်လင်ဂမ်ရဲ့ El Clasico ပွဲစဉ်မှ အပြုအမူအား လာလီဂါဘက်မှ အရေးယူလာမလားဆိုတာ မသိရသေးပါဘူး။