13 ပတ် - ဘာသာပြန်ပါ။

ကမ်ဘရီယန် ခေတ် (Cambrian Period) :
လွန်ခဲ့သော ​၅၄၁-၄၈၅.၄ သန်းခန့်က
​ပတ်ဝန်းကျင် -
ပျမ်းမျှအပူချိန် : ၂၁ ဒီဂရီစင်တီဂရိတ်
လေထုထဲတွင် အောက်ဆီဂျင်ပါဝင်မှု : ၁၂.၅%
ကမ်ဘရီယန်ကာလဟာ ကျောက်ဖြစ်ရုပ်ကြွင်းခေတ် (Paleozoic Era) ရဲ့ ပထမဆုံးသော ဘူမိဗေဒကာလကြီးဖြစ်ပြီး ကမ္ဘာပေါ်ရှိ သက်ရှိများအတွက် ကြီးမားသော အပြောင်းအလဲကို ဖြစ်ပေါ်စေခဲ့တဲ့ကာလ ဖြစ်ပါတယ်။ ကမ်ဘရီယန်ကာလမတိုင်မီက ရှိခဲ့တဲ့ သက်ရှိအများစုဟာ အဏုကြည့်မှန်ဘီလူးနဲ့သာ မြင်နိုင်ပြီး ရိုးရှင်းပါတယ်။ သို့သော် ကမ်ဘရီယန်ကာလမှာတော့ ကမ်ဘရီယန်ပေါက်ကွဲမှု (Cambrian Explosion) လို့ သိကြတဲ့ သက်ရှိမျိုးစုံတို့ရဲ့ အံ့မခန်းပြောင်းလဲမှုတွေ ဖြစ်ပေါ်လာခဲ့ပါတယ်။ ဒီကာလအတွင်း အဓိကကျတဲ့ တိရစ္ဆာန်မျိုးစိတ်များစွာဟာ ပထမဆုံးအကြိမ်အဖြစ် ကျောက်ဖြစ်ရုပ်ကြွင်းမှတ်တမ်းတွေမှာ ပေါ်ထွက်လာခဲ့ပြီး ရှုပ်ထွေးတဲ့ ဂေဟစနစ်များစွာ ပေါ်ထွက်လာပါတယ်။
​ပရိုတရိုဇိုအစ်ခေတ် နှောင်းပိုင်း (Proterozoic Eon) ရဲ့ ရေခဲပြင်ကြီးတွေဟာ ကြာရှည်စွာ အရည်ပျော်ခဲ့တာကြောင့် ပင်လယ်ရေမျက်နှာပြင် မြင့်တက်လာပြီး ကျယ်ပြန့်တဲ့ ကုန်းမြေများကို ရေလွှမ်းမိုးခဲ့ရာကနေ ပင်လယ်ရေတိမ်ပိုင်းဒေသများ ဖြစ်ပေါ်လာကာ ပင်လယ်နေသတ္တဝါများအတွက် အလွန်ကောင်းမွန်တဲ့ ပတ်ဝန်းကျင်ကို ဖြစ်ပေါ်စေခဲ့ပါတယ်။ အစောပိုင်း ကမ်ဘရီယန်ကာလတွေမှာ ကမ္ဘာဟာ ယေဘုယျအားဖြင့် အေးမြနေပြီး ဒါဟာ တောင်ဝင်ရိုးစွန်းကို ဖုံးလွှမ်းထားတဲ့ ဧရာမတိုက်မဟာကြီး ဂွမ်ဒွါနာ (Gondwana) ကြောင့် ဖြစ်နိုင်ပါတယ်။
ဒါပေမယ့် ကမ္ဘာ့အပူချိန်ကတော့ ယနေ့ခေတ်ထက် ၇ ဒီဂရီစင်တီဂရိတ်ခန့် ပိုမိုမြင့်မားနေပါသေးတယ်။ ဝင်ရိုးစွန်းရေခဲလွှာတွေနဲ့ ရေခဲမြစ်တွေ ရှိနေသေးပေမယ့်လည်း ရာသီဥတုဟာ ကမ်ဘရီယန်ကာလကုန်ပိုင်းမှာ တဖြည်းဖြည်း ပိုနွေးလာတယ်။ ရေခဲမြစ်တွေ ဆုတ်ယုတ်သွားတာကြောင့် ပင်လယ်ရေမျက်နှာပြင် တိုးတက်မြင့်မားလာပြီး ကမ္ဘာကြီး ပိုပြီးနွေးထွေးလာတဲ့ ဒီအခြေအနေဟာ အော်ဒိုဗစ်ရှန် (Ordovician) ကာလအထိ ဆက်လက်တည်ရှိနေခဲ့ပါတယ်။
✴​ကမ်ဘရီယန် ပေါက်ကွဲမှု (Cambrian Explosion)

ကမ်ဘရီယန် ပေါက်ကွဲမှုဆိုတာဟာ သက်ရှိဇီဝ အမျိုးအစားအားလုံးရဲ့ (၆၃) ရာခိုင်နှုန်းနဲ့ ခေတ်သစ်တိရစ္ဆာန်မျိုးပေါင်းစုရဲ့ ကနဦးမျိုးစိတ် အများစု ပထမဆုံး စတင်ပေါ်ပေါက်လာခဲ့တဲ့ ဆင့်ကဲပြောင်းလဲမှုဆိုင်ရာ အချိန်ကာလတစ်ခု ဖြစ်ပါတယ်။ ဒီကာလမှာ ရှုပ်ထွေးတဲ့ ဂေဟစနစ်တွေ၊ မြေကျင်းတူးတဲ့ အပြုအမူရှိ သက်ရှိတွေနဲ့ အရင်က မရှိသလောက် ရှားပါးခဲ့တဲ့ အရိုးစုရှိ တိရစ္ဆာန်တွေရဲ့ မျိုးစိတ်ပေါင်းစုံ ပေါများလာတာကို တွေ့ရှိရပါတယ်။
​ဒီဆင့်ကဲပြောင်းလဲမှုဖြစ်ရပ်ရဲ့ ဖြစ်နိုင်ခြေရှိတဲ့ အကြောင်းရင်းတွေကတော့ -
​၁။ လေထုထဲမှာ အောက်ဆီဂျင်ပမာဏ မြင့်တက်လာပြီး ပိုကြီးပြီး ပိုရှုပ်ထွေးတဲ့သက်ရှိတွေကို အထောက်အကူပြုခဲ့ပါတယ်။
​၂။ အိုဇုန်းလွှာ ဖြစ်ပေါ်လာတာကြောင့် ခရမ်းလွန်(UV)ရောင်ခြည်ရဲ့ အန္တရာယ်ရှိတဲ့ဆိုးကျိုးတွေကို လျှော့ချပေးပြီး ပိုတိမ်တဲ့ရေထဲမှာ နေထိုင်နိုင်စေခဲ့ပါတယ်။
​၃။ နောက်ပိုင်း ပရိုတယ်ရိုဇိုးအစ် (Proterozoic) ကာလအတွင်းက "နှင်းဘောလုံးကမ္ဘာ" (Snowball Earth) ဖြစ်ရပ်တွေကြောင့် မျိုးသုဉ်းမှုကြီးတွေ ဖြစ်ခဲ့ပြီး သက်ရှိအသစ်တွေအတွက် ဂေဟစနစ်ဆိုင်ရာ နယ်ပယ်တွေ ပွင့်သွားခဲ့ပါတယ်။
​၄။ ကမ်ဘရီယန်ကာလရဲ့ ပင်လယ်ရေတွေထဲမှာ ကယ်လ်စီယမ်ပါဝင်မှု မြင့်မားတာကြောင့် ပင်လယ်သတ္တဝါတွေဟာ အရိုးစု၊ အခွံနဲ့ အခြားမာကျောတဲ့ကိုယ်ခန္ဓာဖွဲ့စည်းပုံတွေကို ဖန်တီးနိုင်ခဲ့တယ်။
​၅။ ခန္ဓာကိုယ်ပုံစံတွေကို စီစဉ်ဖွဲ့စည်းရာမှာ အဓိကအခန်းကဏ္ဍကနေ ပါဝင်ပြီး ပိုရှုပ်ထွေးတဲ့ သက်ရှိတွေ ဖြစ်ပေါ်လာစေတဲ့ ဟော့ဇ်(Hox) မျိုးဗီဇတွေရဲ့ ဆင့်ကဲပြောင်းလဲမှုလို ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ ပြောင်းလဲမှုတွေ ပါဝင်တယ်။
​၆။ အစာကွင်းဆက်ထဲမှာ ပြောင်းလဲမှုတွေ ဖြစ်ပေါ်လာတာကြောင့် တွဲဖက်ဆင့်ကဲပြောင်းလဲမှုနဲ့ သားရဲ နဲ့ သားကောင်တွေရဲ့ အားပြိုင်မှုတွေ ဖြစ်ပေါ်လာပြီး ခန္ဓာကိုယ်ဆိုင်ရာနဲ့ အပြုအမူဆိုင်ရာ တီထွင်ဆန်းသစ်မှုတွေကို တွန်းအားပေးခဲ့တယ်။
​ကမ်ဘရီယန်ခေတ်ဟာ ဆင့်ကဲပြောင်းလဲမှုဆိုင်ရာ စမ်းသပ်မှုတွေ လုပ်ခဲ့တဲ့အချိန်တစ်ခုလည်း ဖြစ်ပါတယ်။ ရလဒ်အနေနဲ့ ထူးခြားဆန်းပြားတဲ့ ခန္ဓာကိုယ်ပုံစံနဲ့ သက်ရှိအများအပြား ပေါ်ပေါက်ခဲ့ပြီး ၎င်းတို့ထဲက အချို့မျိုးစိတ်တွေကတော့ ခေတ်သစ်သက်ရှိမျိုးဆက်တွေအဖြစ် ဆင့်ကဲပြောင်းလဲနိုင်ခြင်း မရှိခဲ့ကြပါဘူး။
✴(သက်ရှိများ)
​ကမ်ဘရီယန်ကာလက တိရစ္ဆာန်မျိုးစိတ်အများစုဟာ ရေနေသတ္တဝါတွေ ဖြစ်ကြပါတယ်။ အာသရိုပေါ့ဒ် (Arthropods) တွေဟာ ပင်လယ်သမုဒ္ဒရာထဲမှာ လွှမ်းမိုးတဲ့တိရစ္ဆာန်အုပ်စုဖြစ်ပြီး အထူးသဖြင့် ထရိုင်လိုဘိုက် (trilobites)တွေဟာ အလွန်ပေါများခဲ့ပါတယ်။ ဒီကာလမှာ သတ္တုဓာတ်ပါဝင်တဲ့ သက်ရှိမျိုးစိတ်သစ်များစွာ ပေါ်ပေါက်လာခဲ့သလို ပင်လယ်ကြမ်းပြင်ဂေဟစနစ်ကို ပြန်လည်ပုံဖော်ရာမှာ အဓိကအခန်းကဏ္ဍကနေ ပါဝင်ခဲ့တဲ့ မြေကျင်းတူးတဲ့ တိရစ္ဆာန်တွေလည်း ပထမဆုံးအကြိမ်အဖြစ် ကျယ်ကျယ်ပြန့်ပြန့် ပေါ်ပေါက်လာခဲ့ပါတယ်။ ဒါပေမဲ့ ခေတ်သစ်တိရစ္ဆာန်တွေနဲ့မတူဘဲ အဲဒီခေတ်က တိရစ္ဆာန်အများစုဟာ ပင်လယ်ကြမ်းပြင်ပေါ်မှာ ဒါမှမဟုတ် အနီးအနားမှာ နေထိုင်ခဲ့ကြပြီး ရေကူးတဲ့ ဒါမှမဟုတ် ရေပြင်အလယ်မှာ နေထိုင်တဲ့ မျိုးစိတ်တွေကတော့ အလွန်နည်းပါးခဲ့ပါတယ်။

image
image
image
image
image